အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်မတီဝင် ဒေါက်တာအောင်မြတ်ဦး က "တည်ငြိမ်မှုမရှိရင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အကုန်ခက်ခဲပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိရင် ဖွံ့ဖြိုးတိုးတက်ရေးကလည်း လုပ်ဆောင်လို့မရပါဘူး။" ဟု ပြောဆိုသွားသည်။
ဒေါက်တာအောင်မြတ်ဦး က "အခုလို နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ NSPC က ဆောင်ရွက် ပေးတဲ့ဆွေးနွေးပွဲတွေ၊ အခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာတွေကို သွားရောက်လေ့လာရတာတွေက ကျွန်တော်တို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ မသိတာတွေများများသိလာ ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့အတွေးတွေ ပိုပြီးမြင့်လာဖို့လိုပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေ အများကြီးရပါတယ်။ ဒါကြောင့် ဒီလိုတွေ့ဆုံဆွေးနွေးပွဲတွေကို ကြိုဆိုပါတယ်။ တည်ငြိမ်အေးချမ်းမှုက ရပ်ကွက်တစ်ခုပဲဖြစ်ဖြစ်၊ ဒေသတစ်ခုပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲဖြစ်ဖြစ်မဖြစ်မနေ လိုအပ်ပါတယ်။ တည်ငြိမ်မှုမရှိရင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အကုန်ခက်ခဲပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိရင် ဖွံ့ဖြိုးတိုးတက်ရေးကလည်း လုပ်ဆောင်လို့မရပါဘူး။ ဒါကြောင့် အဘက်ဘက်က ဝိုင်းဝန်းစဉ်းစားကြပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပါတယ်။" ဟု ထောက်ပြ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ယမန်နေ့က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment