ရန်ကုန်၊ ဒီဇင်ဘာ ၂၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဆွေးနွေးပွဲမှတစ်ဆင့်ရရှိမည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် မိမိကိုယ်တိုင် ပါဝင်ကြရန်နှင့် မိမိမှစ၍ အဂတိလိုက်စားမှုများကို ငြင်းဆန်ရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။ ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ် သိန်းက အဂတိလိုက်စားမှုပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပေါ်နေကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် မျှတပြီးလုံခြုံစိတ်ချရသော ဈေးကွက်များဖြစ်ပေါ်၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ကောင်းကျိုး ချမ်းသာရရှိစေရန်အတွက် ပုဂ္ဂလိက ကဏ္ဍအနေ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက် ခြင်းသည် အလွန်အရေးပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုများကို ကော်မရှင်နှင့်အတူ ပူးပေါင်းတိုက်ဖျက်ပေးကြရန်နှင့် ဖြောင့်မတ် တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး နိုင်ငံတကာရေးရာနှင့် တားဆီး ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းက အဂတိလိုက်စားမှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကောင်းဇော်သန့်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ ကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment