တိုကျို၊ ဒီဇင်ဘာ ၃
နိုင်ငံတကာ အပူပိုင်းဒေသ သစ်ကောင်စီ (International Tropical Timber Council-ITTC) ၏ (၆၀)ကြိမ်မြောက် အစည်းအဝေးနှင့် သက်ဆိုင်ရာကော်မတီများ၏ ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားအား ၂-၁၂-၂၀၂၄ ရက်(တနင်္လာနေ့)၊ ၀၉ ၃၀ နာရီမှ ၁၀ ၃၀ နာရီအထိ ယိုကိုဟားမားမြို့ရှိ Conference Centre တွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကောင်စီအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာ အပူပိုင်းဒေသ သစ်ကောင်စီ (ITTC) ဥက္ကဋ္ဌ Ms. Anna Tyler က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Hirofumi Takinami ကလည်းကောင်း၊ ယိုကိုဟားမားမြို့တော်ဝန် Mr. Takeharu Yamanaka ကလည်းကောင်း၊ ၊ ကော့စတာရီကာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီး H.E. Mr. Jorge Mario Rodriguez Zuniga ကလည်းကောင်း၊ မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၏ မြို့ပြစီမံကိန်း၊ မြေယာအုပ်ချုပ်မှုနှင့် ပတ်ဝန်းကျင်ရေးရာ ပြည်နယ်ဒုတိယဝန်ကြီး Mr. Haji Len Talif Salleh ကလည်းကောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး H.E. Mr. Roberto Seminario Portocarrero ကလည်းကောင်း နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့သည်။
နိုင်ငံတကာ အပူပိုင်းဒေသ သစ်အဖွဲ့အစည်း(International Tropical Timber Organization-ITTO) သည် အပူပိုင်းသစ်တောများ ရေရှည် စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းမှုကို မြှင့်တင်လျက်ရှိပြီး၊ အပူပိုင်းဒေသ နိုင်ငံတကာ သစ်ကုန်သွယ်မှု တိုးချဲ့ရေး၊ ရေရှည်ထောက်ပံ့မှု ကွင်းဆက်မြှင့်တင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည့် အစိုးရချင်း အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် နိုင်ငံတကာ အပူပိုင်းဒေသသစ်ကောင်စီ၏ (၆၀)ကြိမ် မြောက် အစည်းအဝေးနှင့် သက်ဆိုင်ရာကော်မတီများ၏ ဆက်စပ် အစည်းအဝေးများအား ၂-၁၂-၂၀၂၄ ရက်မှ ၅-၁၂-၂၀၂၄ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment