ကျောက်ဆည်, ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ဒွေးလှ ကျေးရွာရှိ ဆောင်းဆီထွက်သီးနှံဖြစ်သည့် ရေဆင်းစပ်မျိုး(၁) စံပြနေကြာစိုက်ခင်းသို့ ဒီဇင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ (၂)နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ စံပြစိုက်ကွင်းသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက သမဝါယမအသင်းလီမိတက်အသင်းသား ဦးနေဝင်း၏ ကွင်းအမှတ် (၃၃၇)၊ ဦးပိုင်အမှတ် (၁၄၅)တွင် စိုက်ပျိုးထားသော ဆောင်းဆီထွက်သီးနှံဖြစ်သည့် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြစိုက်ဧက (၂)ဧကနှင့် မြို့နယ်သမဝါမယအသင်းစုလီမိတက်မှ စိုက်ပျိုးသည့် ရေဆင်းစပ်မျိုး(၁) နေကြာစံပြ စိုက်ဧက (၄)ဧကတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ဆီထွက်သီးနှံစိုက်တောင်သူများက စိုက်ခင်းတွင် စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ လူမှုစီးပွားအဆင်ပြေစေရေး ရေဆင်းစပ်မျိုး(၁)မျိုးများကို မြို့နယ်အတွင်းရှိ ကျေးရွာ (၃၉)ရွာတွင် နေကြာစိုက်ဧက (၅၀၂၆)ဧက စိုက်ပျိုးထားကြောင်းနှင့် စိုက်ပျိုးရာတွင် စားသုံးဆီဖူလုံရေးအတွက် ဆီပိုမိုထွက်ရှိသော အထွက်တိုးမျိုးဖြစ်သည့် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးများအား ဧက (၁၀၀၀)အတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး နေကြာစိုက်ခင်းများတွင် အသုံးပြုနိုင်ရန် ရုရှားသဘာဝ ရွက်ဖျန်းမြေဩဇာများကိုလည်း ဖြန့်ဖြူရောင်းချပေး လျက်ရှိကြောင်း သိရသည်။
စုစုအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment