ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ် ပြဋ္ဌာန်းပြီးချိန်မှ ယနေ့အချိန်အ(၁၉-၁၂-၂၀၂၄) ရက်နေ့ အထိ တည်ဆဲနိုင်ငံရေးပါတီ (၅၃)ပါတီ ရှိလာပြီဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း (၆၀)ကျော် ရှိခဲ့ပါတယ်။ ယနေ့ တရားဝင်ရပ်တည်နေတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များကို သတင်းသမားတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ မြန်မာနိုင်ငံသား ပြည်သူတစ်ဦးအနေဖြင့်သော်လည်းကောင်း တိုက်တွန်းပြောဆိုရမယ့် အခြေအနေကို ရောက်လာပြီလို့ တွေးဆမိပါတယ်။ နိုင်ငံရေးပါတီများအနေဖြင့် အာဏာရသည်ဖြစ်စေ၊ အာဏာမရသည်ဖြစ်စေ အများပြည်သူအကျိုးကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ကြမယ့်သူတွေ ဖြစ်ပါတယ်။
နိုင်ငံရေးသမားဆိုသည်မှာလည်း အစိုးရနဲ့ ပြည်သူကြား လိုအပ်နေတဲ့ ကွက်လပ်တွေကို ထောက်ပြဖြည့်ဆည်းပေးနိုင်စွမ်း ရှိသူများလို့ ယုံကြည်ပါတယ်။ လူတစ်ဦးတစ်ယောက်စီမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကဏ္ဍတစ်ခုစီ ရှိတယ်။ လူတစ်ဦးတစ်ယောက် က အရာရာကို ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံရေးသမားဆိုတာကတော့ အများပြည်သူရဲ့ လိုအပ်ချက်နဲ့ အစိုးရရဲ့ မူဝါဒတွေကို ချိန်ညှိထောက်ပြနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။
လိုရင်းကိုပဲ အဓိကထားပြီးပြောရရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ဖျက်ပါတီ NLD က မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲပြီးနောက်ပိုင်း ပြည်ဖျက်ပါတီ NLD ရဲ့ လုပ်ရပ်တွေကို အတိုက်အခံ နိုင်ငံရေးပါတီများက ဥပဒေကြောင်းအရ ဝေဖန်ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။
ရွေးကောက်ပွဲမတိုင်မီ ကာလမှာဆိုရင် NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေနဲ့ ကျွန်တော် မကြာခဏ တွေ့ဆုံမေးမြန်းမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ NLD အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုရင် နိုင်ငံရေးပါတီများအားလုံးက မဲခွဲဆုံးဖြတ်သဘောတူညီထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ကျင့်ဝတ် (COC) ပါ သဘောတူညီချက်ကို အများသဘောဆန္ဒကို မျက်ကွယ်ပြုပြီး ပြင်ချင်သလို ပြင်ခဲ့တယ်ဆိုတဲ့ အချက်ကို ဆရာဦးခင်မောင်ဆွေက ရှင်းပြလို့ သိခဲ့ရတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်တော့မယ့် လက္ခာတွေ မြင်တွေ့နေရတယ်။ နိုင်ငံရေးသမိုင်းမှာ အမဲကွက်ကြီး ထင်ကျန်နေအောင် မလုပ်သင့်ဘူးလို့ ဆရာဦးခင်မောင်ဆွေ က ရွေးကောက်ပွဲမတိုင်မီကတည်းက ပြောခဲ့တယ်။
သို့သော်လည်း ပြည်ဖျက်ပါတီ NLD က ရွေးကောက်ပွဲကို အရုပ်ဆိုးအကျည်းတန်အောင် လုပ်ဆောင်သွားတာကို တွေ့ခဲ့ရတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာဆိုရင် USDP, PPP အရှိသော ပါတီများက NLD ပါဝင်တွေ ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းစာရှင်းလင်းပွဲတွေ ကျင်းပပြီး ပြောဆိုသည်အထိ ဖြစ်ခဲ့ရပါတယ်။ ရွေးကောက်ပွဲရလာဒ်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာလည်း မဲမသမာမှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ တင်ပြတိုင်ကြားမှုတွေ စဉ်ဆက်မပြတ် ဖြစ်လာသလို ဆန္ဒပြကန့်ကွက်မှုတွေလည်း အနယ်နယ်အရပ်ရပ်မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အားလုံးကို မျက်ကွယ်ပြုပြီး NLD ပါတီက တတိယအကြိမ်လွှတ်တော် ခေါ်ယူဖို့ စီစဉ်လုပ်ဆောင်နေတဲ့အချိန်မှာပဲ နိုင်ငံရေးပါတီခေါင်းဆောင်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံပြီး ဆွေးနွေးရတဲ့အခြေအနေမျိုးကို ဆိုက်ရောက်ခဲ့ပါတယ်။
ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲကာလများမှာ တပ်မတော်က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပါဘူး။ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲရလာဒ် ဖြစ်ပေါ်လာပြီး အတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်များနဲ့ တွေ့ဆုံပြီးမှသာ မဲတွေကို ပြန်လည်စိစစ်ဖို့ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မဲများကို ပြန်လည်စိစစ်နိုင်ဖို့ UEC ဘက်ကို တရားဝင်တောင်းခံရာမှာလည်း UEC ဘက်က တရားဝင် မိတ္တူကူးယူခွင့်ကို ခွင့်မပြုနိုင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ တပ်မတော်က ရွေးကောက်ခံကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ မဲစာရင်းများကို အခြေခံပြီး တိုက်ဆိုင်စစ်ဆေးရာမှာ မဲလိမ်မဲခိုးမှုတွေ အလွန်အမင်း လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အဖြေကို တွေ့ခဲ့ပါတယ်။
ပြည်ဖျက်ပါတီ NLD ရဲ့ သရုပ်မှန်ကို သိရှိပြီးဖြစ်သည့်တိုင်အောင်လည်း တပ်မတော်ဘက်က အရေးယူဆောင်ရွက်နိုင်ဖို့ အတင်းကာရော လုပ်ဆောင်တာမျိုး မရှိပါဘူး။ ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုတယ်။ ပြည်ဖျက်ပါတီ NLD က အစိုးရတာဝန်ကို ရရှိထားတာဖြစ်တဲ့အတွက် အစိုးရတာဝန်ရှိသူတွေထံ စာရေးအကြောင်းကြားဆောင်ရွက်တာတွေကို လုပ်ခဲ့တယ်။ ပြည်ဖျက်ပါတီ NLD က အားလုံးကို မျက်ကွယ်ပြုပြီး တတိယအကြိမ်လွှတ်တော်ခေါ်၊ လွှတ်တော်တက်တော့မယ်ဆိုတဲ့ အခြေအနေကို ရောက်လာမှသာ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ပြည်ဖျက်ပါတီ NLD ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားခဲ့တယ်။ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရဖြစ်တည်လာခဲ့တယ်။ နစကအစိုးရဖွဲ့စည်းစဉ်မှာလည်း တပ်မတော်ကသာ အလုံးစုံထိန်းချုပ်ခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လက်တွဲပြီး ဖွဲ့စည်းခဲ့တာဖြစ်လို့ အပြုသဘောဆန်တဲ့ လက်တွဲဆောင်ရွက်မှုမျိုးဖြစ်ခဲ့ပါတယ်။ နစကအစိုးရအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအတွက် ဆောင်ရွက်ချက်တွေမှာ ပြစ်တင်ပြောဆိုဖွယ်ရာ မရှိပေမယ့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးကို အစဉ်သဖြင့် ခြောက်လှန့်ခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာတော့ ထောက်ပြဝေဖန်ပြောဆိုစရာတွေက မကုန်နိုင်မခမ်းနိုင်ဖြစ်ခဲ့ရပါတယ်။
တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရသည် တိုင်းပြည်ရဲ့ အာဏာကို မသမာသောနည်းနဲ့ ရယူဖို့ ကြိုးပမ်းခဲ့တဲ့ ပြည်ဖျက်ပါတီ NLD ကို ဖယ်ရှားပြီး တာဝန်ယူဆောင်ရွက်နေရခြင်းဖြစ်တယ်။ ပြည်ဖျက်ပါတီ NLD ကို ဦးဆောင်သူများဟာ အစိုးရတာဝန် ၅နှစ်တာ ထမ်းဆောင်ချိန်မှာ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စု၊ ဦးဝင်းမြင့်တို့က စပြီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များ က အဂတိလိုက်စားမှုပေါင်းများစွာ ကျူးလွန်ခဲ့တာကို စိစစ်အရေးယူနေတယ်။ ဒီအခြေအနေကို ကျွန်ုပ်တို့လို သာမာန်ပြည်သူများတောင် သိတယ်ဆိုရင် အစိုးရယန္တရားအဆင့်ဆင့်မှာ တာဝန်ယူဆောင်ရွက်နေတဲ့ ပညာရှိ၊ ပညာတတ် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ပိုပြီး နားလည်သဘောပေါက်လိမ့်မယ်လို့ ယူဆရပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ အစိုးရယန္တရားရဲ့ အစဉ်အလာအတိုင်းပဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရလာတဲ့အချိန်မှာ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူ ကောင်းကျိုးအတွက် အသုံးမချလိုဘဲ ပြည်သူအပေါ် ဂုပ်သွေးစုပ် လုပ်ပိုင်ခွင့်ကိုအကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုမှုတွေက ရှေ့တန်းရောက်လာကြတာပဲ ဖြစ်ပါတယ်။
အဆိုးဆုံးအခြေအနေကို ပြောပါဆိုရင် ဆူပူဆန္ဒပြရာကနေ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့ နီပိန်း အကြမ်းဖက်သမားတွေကို တာဝန်သိပြည်သူများက သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများမှာ သတင်းပေးတိုင်ကြားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆူပူအကြမ်းဖက်လုပ်နေသူတွေကို ထိန်းသိမ်းတာမျိုး မဟုတ်ဘဲ ဘယ်သူတိုင်ကြားလို့ပါဆိုတာမျိုး အကြမ်းဖက်သမားကို သတင်းပြန်ပေးတဲ့အတွက် အသတ်ခံခဲ့ရတဲ့ ပြည်သူပေါင်းဟာ ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဆူပူအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ နီပိန်းတွေက တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အချိန်မှာလည်း ရဲအရာရှိများဟာ ပြည်ဖျက်မိစ္ဆာနီပိန်းတွေရဲ့ သရုပ်မှန်ကို မြင်နိုင်စွမ်းမရှိကြပါဘူး။ အကြမ်းဖက်သမားကို ဖမ်းဆီး ငွေကြေးလာဘ်လာဘရယူပြီး ပြန်လွှတ်ပေးတယ်။ အကြမ်းဖက်လှုပ်ရှားမှုအပေါ်ကနေ ကိုယ်ကျိုးရှာလာကြပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်များဘက်က တစ်ခွန်းတစ်ပါဒမျှ ထောက်ပြပြောဆိုခြင်း မရှိခဲ့ကြပါဘူး။
၂၀၂၃-၂၀၂၄ ရောက်လာတဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့အဖြစ်တရားဝင်ကြေညာထားတဲ့ NUG, PDF အကြမ်းဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာကြပါတယ်။ လမ်းတံတားတွေကို ဖျက်ဆီးလာကြပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ်ခံနေရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးမှုအပိုင်းမှာ အားနည်းချက်တွေရှိတယ်။ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ကူညီပံ့ပိုးမှုအပိုင်းမှာ အားနည်းချက်တွေရှိတယ်။ အဆိုးဆုံးအခြေအနေကတော့ အကြမ်းဖက်အဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်မှာ စစ်ကူ/ ပစ်ကူလိုအပ်နေခြင်းကြောင့် အကူအညီတောင်းခံမှုတွေကို မျက်ကွယ်ပြုထားခြင်းကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတာတွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်များအပိုင်းက ထောက်ပြပြောဆိုတာမျိုး မရှိပါဘူး။ အချို့သော နိုင်ငံရေးပါတီခေါင်းဆောင်များကတော့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမည်နာမကိုတောင် ထုတ်ဖော်ပြောဆိုရဲခြင်း မရှိပါဘူး။
နိုင်ငံရေးမှာ အပြန်အလှန်ထိန်းကျောင်းမှု မရှိရင် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေဟာ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ဆိုတာမျိုးဖြစ်လာတတ်ပါတယ်။ ဒီအတွက် သင်ခန်းစာကလည်း အဝေးကြီး မဟုတ်ပါဘူး။ ပြည်ဖျက်ပါတီ NLD အစိုးရလက်ထက် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေဟာ အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် ကမောက်ကမဖြစ်ခဲ့ရတဲ့ အခြေအနေကို ထောက်ရှုကြည့်ရင် ယနေ့ နစကအစိုးရရဲ့ ယန္တရားမှာ က ဖရဲသီးလို့ဆိုတဲ့ အသားထဲက လောက်ထွက်တဲ့သူတွေလည်း ရှိတယ်။ တချို့က ရာထူးအာဏာအတွက်သာ တွယ်ကပ်နေရပေမယ့် အကြမ်းဖက်အားပေးလုပ်ရပ်တွေ လုပ်နေကြတယ်။ ကမောက်ကမဖြစ်နေတဲ့ ယန္တရားကို ထိန်းကျောင်းရတဲ့ အစိုးရတစ်ရပ်အနေနဲ့ အခက်ရှိမယ်။ နိုင်ငံရေးပါတီခေါင်းဆောင်များ ချွတ်ချော် လွဲမှားနေတဲ့ ဆောင်ရွက်ချက်တွေကို ထောက်ပြပြောဆိုပေးခြင်းအားဖြင့် တည့်မတ်နိုင်ပါတယ်။
နောက်တချက်အနေနဲ့ လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တယ်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး ချိန်ဆကြည့်ရင် အရွယ်ရောက်ပြီးသူတိုင်း စစ်ပညာတတ်ထားခြင်းဟာ သင့်လျော်ကောင်းမွန် မှန်ကန်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းမှာတော့ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ကိုယ်ကျိုးရှာမှုတွေ အလွန်ဆိုးရွားလာပါတယ်။ ရပ်ကျေးအဆင့်ကိုပါ အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တဲ့ ဥပဒေတစ်ရပ်လို ဖြစ်လာပါတယ်။ ဒီဥပဒေအသက်သွင်းလိုက်တဲ့အချိန်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေရဲ့ မဟုတ်မမှန် ရေးသားလှုံ့ဆော် မှိုင်းတိုက်မှုတွေက ပြည်သူများကို ယုံမှားသံသဖြစ်စေခဲ့တယ်။ တဖက်မှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရန် တာဝန်ရှိသူတွေက ဥပဒေကို မျက်ကွယ်ပြုပြီး လုပ်ဆောင်လာခြင်းကြောင့် ပြည်သူများမှာ များစွာ နစ်လာရတယ်။ စစ်မှုထမ်းထဲ မလိုက်ချင်ရင် တစ်လ ၂သောင်း၊ ၂သောင်းခွဲ၊ ၃သောင်းပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ဥပဒေမှာ မရှိပါဘူး။ ခင်ဗျားသားသမီး စစ်မှုထမ်းထဲ မလိုက်ချင်ရင် သိန်း ၅၀ ပေးရမယ်၊ သိန်း ၁၀၀ ပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လဲ မရှိပါဘူး။
သို့သော် ကျွန်တော်တို့ ပြည်သူများမှာက ဥပဒေကိုလည်း မလေ့ကြဘူး။ ရပ်ကျေးအဆင့်က ဥပဒေမဲ့ လုပ်နေတာတွေကိုလည်း မပြောဝံ့ကြဘူး။ ရပ်ကျေးအဆင့် အဂတိလိုက်စားမှုက သောင်းပိုင်း၊ သိန်းပိုင်း မဟုတ်တော့ပါဘူး။ သိန်း ဆယ်ချီ၊ သိန်း ရာချီ အဂတိလိုက်စားမှုတွေ ဖြစ်လာပါတယ်။ ဥပဒေနဲ့ ပတ်သက်လို့ ပညာပေးမှုအပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်း မရှိဘူး။ ဒီကိစ္စမှာလည်း နိုင်ငံရေးပါတီများဘက်က ပြည်သူများ မြင်ရှင်းအောင် ဝိုင်းဝန်းကူညီဆောင်ရွက်မှုအပိုင်းမှာ အားနည်းသလို၊ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာကို ထောက်ပြမှုအပိုင်းမှာလည်း အားနည်းနေတာကို တွေ့ရပါတယ်။
၂၀၁၉-၂၀၂၀ နှစ်သစ်ကူး တရားပွဲမှာ ပါချုပ်ဆရာတော်ကြီး က တိုင်းပြည်မှာ တပ်မတော်နဲ့ အစိုးရ မသင့်မတင့် ဖြစ်နေတာကို ရိပ်စားမိပုံပေါ်ပါရဲ့။ ဆရာတော်ကြီးရဲ့ နှစ်သစ်ကူးတရားမှာ အားလုံးဟာ သူ့နေရာနဲ့သူ အရေးပါတယ်ဆိုတဲ့ အကြောင်းကို ဟောကြားသွားခဲ့ပါတယ်။ တပ်မတော်သည်လည်း နိုင်ငံ့ကာကွယ်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိသလို နိုင်ငံရေးသမားများသည်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတယ်။ ပညာရှင်တွေလည်း သူ့နေရာနဲ့သူ အားလုံးအရေးပါကြတယ်။ သူမလိုအပ်ဘူး၊ ငါမလိုအပ်ဘူး ဆိုတာမျိုး မဖြစ်ကြဖို့ ဟောကြားဆုံးမခဲ့ဖူးပါတယ်။
ယနေ့ တိုင်းပြည်ကို တပ်မတော်က ဦးဆောင်နေတာဖြစ်လို့ နိုင်ငံရေးသမားများအပိုင်းက ထောက်ပြ ပြောဆိုပြီး တည့်မတ်ပေးသင့်တဲ့ ကိစ္စတွေကို မျက်ကွယ်ပြုထားမယ်ဆိုတဲ့ ရပ်တည်ချက်မျိုးဟာလည်း မမှန်ကန်နိုင်ပါဘူး။ အစိုးရတစ်ရပ်မှာ အားသာချက်၊ အားနည်းချက်ဆိုတာ ဒွန်တွဲနေမှာပဲ ဖြစ်ပါတယ်။ အားနည်းချက်များကို ဝေဖန်ထောက်ပြ တည့်မတ်ပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ အစိုးတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
နိဂုံးချုပ်အားဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပြည်ဖျက်ပါတီ NLD က မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းလာတဲ့အချိန်မှာ နိုင်ငံရေးပါတီများနဲ့ တပ်မတော် လက်တွဲပြီး တရားမျှတမှုမရှိတဲ့ အခြေအနေကို ကိုင်တွယ်နိုင်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ပြောကြားချက်များအရ လာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမယ့် သဘောကို မြင်တွေ့ရပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြန်လည်ရေးဆွဲနိုင်ခဲ့သလို ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုတွေလည်း လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
ဒီလိုအချိန်မှာ အစိုးရရဲ့ အားသာချက်တွေကို ဂုဏ်ပြုသလိုပဲ အားနည်းချက်တွေကို ပြင်ဆင်ဖို့ နိုင်ငံရေးပါတီများ အပိုင်းက ဝိုင်းဝန်းထောက်ပြပြောဆိုပေးကြဖို့ စာရေးသူအနေနဲ့ အလေးအနက် တောင်းဆိုချင်ပါတယ်။ အထူးအားဖြင့် အကြမ်းဖက်နှိမ်နင်းရေးမှာ အားနည်းချက်ဖြစ်ပေါ်ခဲ့တာတွေကို ပြန်လည်သုံးသပ်ပြီး တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူစစ်တပ်ဖွဲ့ဝင်များရဲ့ လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ အစိုးရက ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထားပါလျက် ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်မလာဘဲ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်တွေကို အလွန်အကျူး လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့များကို အပြီးတိုင် ခြေမှုန်းနိုင်ရေး ဆွေးနွေး တိုက်တွန်းပေးစေလိုပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်များနဲ့ နစကအစိုးရ တာဝန်ရှိသူများ အခါအားလျော်စွာ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေအပေါ်မှာ အလေးထား တိုက်တွန်း ပြောဆိုခြင်း ရှိ/ မရှိ တော့ မသိနိုင်ပါဘူး။ သတင်းထုတ်ပြန်ချက်တွေမှာတော့ တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးကြတယ်ဆိုတာမျိုးတော့ မြင်တွေ့ရပါတယ်။
ပြည်ဖျက်ပါတီ NLD ကို အားပေးထောက်ခံခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများအနေဖြင့်လည်း မိမိတို့ ယုံကြည်အားကိုးရာ နိုင်ငံရေးပါတီခေါင်းဆောင်များကို စာရေးသူတင်ပြခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းရေး၊ ဥပဒေမဲ့ လုပ်ရပ်များ ဖြစ်ပေါ်နေမှုတွေနဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူများကို တိုက်တွန်းပြောဆိုပေးကြဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးမှာ အားနည်းချက်တွေ ရှိခဲ့တဲ့အတွက်ကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ရဟန်းရှင်လူပြည်သူ အရေအတွက်ဟာ ၈၆၀၀ ကျော် ဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုစာရင်းဟာ ၆၇၀၀ ကျော် ဖြစ်ပါတယ်။ ဒီကိစ္စတွေအပေါ်မှာ ပြည်သူလူထုကို ကောင်းကျိုးပြုချင်တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များက အလေးထား ဆွေးနွေးပြောဆို တိုက်တွန်းပေးမယ်ဆိုရင် ကျွန်တော်တို့တွေ ထောက်ပြပြောဆိုနေတာထက် ပိုမိုထိရောက်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်သည့်အတွက် နိုင်ငံရေးပါတီခေါင်းဆောင်များကို တိုက်တွန်းတောင်းဆိုရခြင်း ဖြစ်ပါတယ်။
လေးစားစွာဖြင့်
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment