ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်မြို့ပတ် ပြေးဆွဲဝန်ဆောင်မှုပေးလျက် ရှိသည့် စပိန် နိုင်ငံထုတ် DEMU ရထားလက်မှတ် နှုန်းထားခများကို ဒီဇင်ဘာ လဆန်းပိုင်းမှစတင်၍ ခရီးစဉ်တစ်ဝက်အထိကို ၅၀၀ ကျပ်နှင့် ခရီးစဉ် အစအဆုံးကို ၁၀၀၀ ကျပ်အဖြစ် ပြောင်းလဲ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အတွင်း RBE ဂျပန်တွဲဆိုင်းရထားနှင့် DEMU ရထား စီးနင်းခ ဈေးနှုန်းများကို ယခင်က တပြေးညီသတ်မှတ်ထားပြီး ခရီးစဉ်တစ်ဝက်ဖြစ်သည့် (ဝ) မိုင်မှ (၁၅) မိုင်ထိကို ၄၀၀ ကျပ်နှင့် ခရီးစဉ်အစအဆုံး (0) မိုင်မှ မိုင် (၃၀) အထိကို ၈၀၀ ကျပ် သတ်မှတ် ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုတိုးမြှင့်သတ်မှတ်လိုက်မှုတွင် RBE ဂျပန် တွဲဆိုင်းရထား ခရီးစဉ်များအတွက် မပါဝင်ဘဲ DEMU ရထားခရီးစဉ်များအတွက်သာဖြစ်ကြောင်း သိရသည်။
“DEMU ရထားနှင့် RBE ရထား ဝန်ဆောင် မှုပေးရာတွင် RBE ရထားထက် DEMU ရထားက အဲယားကွန်းနှင့် အေးအေးချမ်းချမ်း လုံခြုံမှု အပြည့်ဖြင့်စီးနင်းနိုင်ပြီး ဈေးသည်များ ရထားပေါ် တက်၍ ဈေးရောင်းချတာကို တားမြစ်ထား ပါတယ်။ အချိန်ကလည်း မြန်မြန်ဆန်ဆန်နဲ့ လိုရာခရီးကို ရောက်တဲ့ အားသာချက်တွေ ရှိပါ တယ်” ဟု တိုင်းအမှတ်(၇) ရန်ကုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း RBE ရထား ၂၀စင်းနှင့် DEMU ရထား ၁၅ စင်း ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးလျက်ရှိပြီး လက်မှတ် စစ်ဆေးရာတွင် လက်မှတ်မဲ့ဖြစ်ပါက RBE ရထား ၄၀၀ ကျပ် ခရီးစဉ်အတွက် ဒဏ်ကြေး ၄၀၀၀ ကျပ်နှင့် ၈၀၀ ကျပ် ခရီးစဉ်အတွက် ဒဏ်ကြေး ၈၀၀၀ ကျပ်၊ DEMU ရထား ၅၀၀ ကျပ် ခရီးစဉ်အတွက် ဒဏ်ကြေး ၅၀၀၀ ကျပ်နှင့် ၁၀၀၀ ကျပ် ခရီးစဉ်အတွက် ဒဏ်ကြေး ၁၀,၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တွင် စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားသစ်များဖြင့် နိုဝင်ဘာလ ၂၉ ရက်မှ စတင် ပြေးဆွဲဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး ရထားတစ်စီးတွင် တွဲဆိုင်းခြောက်တွဲပါဝင်၍ ထိုင်စီးခရီးသည် ၃၃၂ ဦးနှင့် ရပ်စီး ခရီးသည် ၅၀၀ ဦး စုစုပေါင်း ၈၀၀ ဦးကျော် စီးနင်းလိုက်ပါနိုင်ကာ လက်ရှိတွင် DEMU ရထားစီးနင်းသူများပြားလျက်ရှိပြီး နေ့စဉ် ရုံးတက်/ရုံးဆင်းချိန်များတွင် စီးနင်းသူဦးရေ ၇၀၀ ကျော်အထိ ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ခရီးသွားလုလင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment