ရန်ကုန်၊ ဒီဇင်ဘာ ၆
ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့နှင့် Thailand's Father's Day အထိမ်းအမှတ် ဧည့်ခံပွဲအခမ်း အနားကို ယမန်နေ့ ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနေအိမ်၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ဇနီးတို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့် ဇနီး၊ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့သည် တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ သံအမတ်ကြီးနှင့် ဇနီးတို့က တက်ရောက်လာကြသူများကို ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ဒေါက်တာဗညားအောင်မိုးနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment