လူငယ်နှင့် Vape အန္တရာယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်နှင့် Vape အန္တရာယ်


အရင်တုန်းက ကျောင်းစာပေဟောပြောပွဲမှာလူငယ်တွေ ကျောင်းသားလေးတွေကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ပြောပြခဲ့ဖူးပါတယ်။‌ အဓိကက ဆေးလိပ်သောက်တာ လုံးဝရှောင်သင့် တယ်ဆိုတာပါ။ ဆေးလိပ်သောက်ရင် လူ့သက်တမ်းတိုစေတယ်၊ ကင်ဆာရောဂါတွေဖြစ်စေတယ် စတဲ့ဆိုးကျိုးတွေပဲ ရနိုင်တယ်။ ဆေးလိပ်သောက်တဲ့ အကျင့်ကို လုံးဝအစမလုပ်ပါနဲ့၊ ငြင်းပယ်သင့်တယ်ဆိုတာကို ကျောင်းသားအရွယ်လူငယ်တွေကို အကြိမ်ကြိမ်ပြောခဲ့တယ်။ အတန်းလစ်ပြီး ကျောင်းပြင်ပမှာ ဆေးလိပ်စီးကရက်လေး လက်ကြားညှပ်ပြီး စတိုင်ထုတ်ကြတဲ့ကလေးတွေ ဆေးလိပ်ရဲ့ဆိုးကျိုးကို သိသွားတယ်။ သိလို့ရှောင်သွားကြတယ်။

အခုလက်ရှိမှာက ကျောင်းသားအရွယ် လူငယ်လေးတွေရော ကျောင်းပြင်ပရောက် လူငယ်လူရွယ်လေးတွေရဲ့ စတိုင်ထုတ်ပုံပြောင်းသွားကြပါတယ်။ လက်ကြားမှာ စီးကရက်လေးနဲ့ဆိုတာ မဟုတ်တော့ပါဘူး။ လည်ပင်းကြိုးဆွဲလေးနဲ့ သေးသွယ်လှပတဲ့ Vape pen လေးက အစားထိုးနေရာယူနေပါပြီ။ အရောင်မျိုးစုံ၊ ပုံစံအမျိုးမျိုးတွေနဲ့လာတဲ့ Vape Device လေးတွေက သူတို့လေးတွေအတွက် သပ်ရပ်ကြော့မော့ smart ဖြစ်နေတာလည်းပါပါတယ်။


မှားယွင်းစွာယုံကြည်နေ

 ဒါ့အပြင် အနံ့အရသာမျိုးစုံနဲ့ ဆွဲဆောင်ထားတဲ့အတွက် အခုနောက်ပိုင်းမှာ သုံးစွဲသူလူငယ်တွေ ကျောင်းသားတွေ သိသိသာသာတိုးပွားလာပါတယ်။ လူငယ်တွေဟာ ပုံမှန်ဆေးလိပ်စီးကရက်ထက် Vape ကို ပိုပြီးနှစ်သက်လာကြတယ်။ အကြောင်းကတော့ Vape ဟာ ဆေးလိပ်ထက် ပိုပြီးအန္တရာယ်နည်းတယ်လို့ မှားယွင်းစွာယုံကြည်နေကြလို့ပဲ ဖြစ်ပါတယ်။‌ ကျောင်းသားလူငယ်သားတို့ သမီးတို့ Vape ဆိုတာကို မသိသေးတာလည်းပါပါတယ်။ အမှန်တကယ်က Vape ရဲ့အန္တရာယ်ဟာ ကြီးမားပါတယ်။ ဆေးလိပ်ထက်တောင် အန္တရာယ်ရှိတဲ့ Vape သုံးစွဲမှုရဲ့ ဆိုးကျိုးတွေကများလွန်းပါတယ်။ အန္တရာယ်ရှိတယ်၊ ဆိုးကျိုးတွေလည်းများတဲ့အ‌ကြောင်းကို ပြောပြရပါမယ်။ ရှင်းပြရပါ‌တော့မယ်။ ကျောင်းသား အရွယ်လူငယ်လေးတွေ အမှန်သိရှိပြီး ရှောင်ရှားနိုင်စေဖို့ ဖြစ်ပါတယ်။

Vape လုပ်တယ်ဆိုတာ အီးစီးကရက်က ထွက်တဲ့အငွေ့တွေကို ရှူရှိုက်တာကို ခေါ်ပါတယ်။

Vaping ဆိုတာက အီးစီးကရက်နဲ့ Vape pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်ခုခုထဲကို ဓာတုရည် (e-liquid) ထည့်ပြီး အပူပေးလိုက်တယ်။ အပူပေးလို့ ရလာတဲ့အငွေ့ကို ရှူရှိုက်တာဖြစ်ပါတယ်။

စီးကရက်ဆေးလိပ်သောက်တာဟာ ဆေးရွက်ကြီး (tobacco)ကို မီးရှို့ပြီးရတဲ့ အငွေ့ကို ရှူရှိုက်တာပါ။ vaping ကတော့ e-liquid အငွေ့ကို ရှူသွင်းတာဖြစ်တယ်။ အီးစီးကရက် (Electronic Cigarette)တို့ ၊ Vape pen တို့ ဆိုတာက e-liquid အရည်ကိုအပူပေးပြီး ရှူရှိုက်သွင်းဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခုဖြစ်တယ်။ E-liquid ကို E-cigarette Vape pen ထဲထည့်ပြီး အငွေ့ရှူကြတယ်။

E-liquid မှာ ရေငွေ့၊ အရသာရှိစေတဲ့အရာ (Flavoring)၊ စွဲလမ်းတတ်တာအပြင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ နီကိုတင်းဓာတ် (Nicotine)နဲ့ အငွေ့အဖြစ် ပြောင်းလဲဖို့သုံးတဲ့ Propylene glycol glycerin (အလှဆီ)တို့ ပါဝင်ပါတယ်။


ဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်

အီးစီးကရက်နဲ့ Vape pen တွေကထွက်တဲ့ အငွေ့တွေမှာ လူကိုအန္တရာယ်ပေးစေတဲ့ ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ကင်ဆာဖြစ်စေတဲ့ ပစ္စည်း ၄၀ ကျော် ပါဝင်နေပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေက နှလုံးနဲ့ သွေးလှည့်ပတ်မှုကို ထိခိုက်စေပါတယ်၊ အဆုတ်ကို ထိခိုက်စေတယ်၊ သွားနှင့်ခံတွင်းကိုလည်း ပျက်စီးစေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

အဲဒီဓာတုပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်တဲ့ အခါမှာ ဓာတ်ပြုကြပြီး Formaldehyde တွေ ထွက်လာပါတယ်။ ထွက်လာတဲ့အထဲကတချို့ဟာ အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။

အီးစီးကရက်နဲ့ Vape pen တွေမှာပါတဲ့ နီကိုတင်းဟာ သာမန်ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းထက် ပိုမိုသန့်စင်အောင်ပြုလုပ်ပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ နီကိုတင်းပါဝင်မှုပိုများတာ ကြောင့် Vape ရှူလိုက်ရင် ခန္ဓာကိုယ်အသက်ရှူ လမ်း‌ကြောင်းထဲဝင်သွားတဲ့ နီကိုတင်းပမာဏဟာ သာမန်ဆေးလိပ်တစ်လိပ်ကို ရှူလိုက်လို့ဝင်လာတဲ့ ပမာဏထက်ပိုများတာသေချာနေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ‌တွေဖြစ်စေတဲ့အပြင် လေဖြတ်တာ၊ ခြေလက်တွေ သွေးကြောပိတ်ပြီး ပုပ်တာ၊ ဦးနှောက်နဲ့ အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟော်မုန်းတွေပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာနဲ့ အသက်တိုစေတာ စတဲ့နီကိုတင်းကြောင့် ဖြစ်ရတဲ့ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။


နီကိုတင်းအပြင် အနံ့အရသာမျိုးစုံပါနေတယ်။ အဲဒါတွေကိုလည်း ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို ဓာတ်တိုးစေပြီး(oxidation) အသားအ‌ရေရောင်ရမ်း တာ (inflammation) ဖူးရောင်တာတွေဖြစ်စေတယ်။ အာခေါင်ခြောက်တာ၊ ချောင်းဆိုးတာကစလို့ အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်ပျက်စီး စေပါတယ်။


အကြိမ် ၃၅၀ အထိ ရှူရှိုက်နိုင်

Vaping တစ်ခါတစ်ရှိုက်ရှူလိုက်ရုံနဲ့ နှလုံးခုန်နှုန်းတက်လာတယ်။ သွေးပေါင်အနည်းငယ်တက်တယ်။ ဒါဟာ တစ်ကြိမ်တစ်ခါပဲ ရှိပါသေးတယ်။ ဆေးလိပ်တစ်လိပ်ကို ၇-၈ ကြိမ်လောက် ရှူလိုက်လျှင် ကုန်ဆုံးသွားနိုင်ပေမယ့် အီးစီးကရက်တစ်လိပ် Vape pen တစ်ခုက Vaping အကြိမ် ၃၅၀ အထိ ရှူရှိုက်နိုင်ပါတယ်။

အကြိမ်ရေများလေလေ ရောဂါတွေရဖို့များ လေလေဖြစ်တယ်။ ရှူရှိုက်တဲ့အကြိမ်များလာရင် သုံးစွဲတဲ့ ကာလကြာလာရင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါတွေအပြင် လေဖြတ်ရောဂါတွေဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။

ဓာတုပစ္စည်းတွေ မီးရှို့ရာကထွက်လာတာကို ရှူရှိုက်လိုက်တာဖြစ်လို့ အဆုတ်ကိုထိခိုက်စေပါတယ်။ “Diacetyl” က အဆိုးဆုံးပါပဲ။ အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးပါတယ်။ ဓာတ်မှန်ရိုက်ကြည့်မှ အဆုတ်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်။ လေပြွန်တွေရောင်ရမ်းပြီး အဆုတ်မှာ ပြန်မကောင်းနိုင်တော့တဲ့ ပေါက်ပေါက်ဆုပ်လို အမာရွတ်တွေ (Popcorn Lung) ဖြစ်တတ်ပါတယ်။ ကြောက်စရာအကောင်းဆုံး အနေအထားလို့တောင် ပြောနိုင်တယ်။

Vape ကြောင့် အဆုတ်ထိခိုက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း ရှိခဲ့တယ်ဆိုတာကို မှတ်တမ်းတွေမှာ တွေ့ရတယ်။ အခုလိုအန္တရာယ် တွေများလွန်းနေလို့ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ မက္ကဆီကို အစရှိတဲ့ နိုင်ငံတွေမှာ Vape သုံးစွဲတာ၊ အီးစီးကရက်သောက်သုံးတာကို ပြင်းထန်စွာ တားမြစ်ကန့်သတ်ထားပါတယ်။ ကျန်တဲ့ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာလည်း တားမြစ်မှုလုပ်ဆောင်ဖို့အစီအစဉ်တွေချမှတ်ကာ ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိပါတယ်။

Vape ကနေထွက်တဲ့ ရေငွေ့ကို ရှူရှိုက်ကြတာဖြစ်တယ်၊ မီးခိုးငွေ့မဟုတ်လို့ အန္တရာယ်မဖြစ်ပါဘူးလို့ အထင်မှားနေကြတယ်။ ဆေးလိပ် လုံးဝမသောက်ဖူးတဲ့ လူငယ်တွေက အီးစီးကရက်ကို အန္တရာယ်ကင်းတယ်ထင်ပြီး သုံးနေကြတယ်။ Vaping ဆိုတာက ဆေးလိပ်သောက်တာနဲ့ အတူတူပါပဲ။ အဆုတ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။ နားလည်ဖို့အရေးကြီးပါတယ်။ စီးကရက်သောက်တဲ့သူ မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ရှူလိုက်ရတဲ့သူ ဆေးလိပ်မသောက်ဘဲနဲ့ ဆေးလိပ်သောက်တဲ့သူနဲ့တန်းတူ ရောဂါရစေပါတယ်။ ဒီလိုပါပဲ Vape ရှိုက်တဲ့သူတွေဆီက ထွက်လာတဲ့အငွေ့ကို ရှူမိတဲ့သူတွေဟာလည်း Vape ရှိုက်တဲ့သူတွေ နီးပါးလိုလိုကို အန္တရာယ်ဖြစ်စေပါတယ်။


စမ်းကြည့်ရင်းစွဲလမ်းသွား

အီးစီးကရက်ကို စထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး ရည်ရွယ်ချက်က ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်ရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ ထုတ်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အခုဆိုရင်အီးစီးကရက်တို့၊ Vape pen တို့ဟာ လည်ပင်းစွဲပြီး Style ထုတ်ရင်း Vape သောက်နေကြတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်လူရွယ်တွေအတွက် ဖြစ်လို့နေပါပြီ။

အခု လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားထဲမှာ အီးစီးကရက်၊ Vape pen သောက်တာဟာ ခေတ်စားလာတာကတော့ အမှန်ပဲဖြစ်နေပါတယ်။ ဆေးလိပ်လုံးဝမသောက်ဖူးတဲ့ လူငယ်တွေ‌ရော စီးကရက်သောက်နေဆဲ လူငယ်တွေကပါ အီးစီးကရက်ကို အန္တရာယ်ကင်းတယ်လို့ အထင်မှားပြီး သုံးနေကြလို့ သုံးစွဲတဲ့ လူငယ်တွေ များလာပါတယ်။ အမှန်ကသူ့မှာပါဝင်တဲ့ နီကိုတင်းဟာ စွဲလမ်းစေလို့ လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဖြစ်တယ်။ အစလုပ်ကြည့် စမ်းကြည့်ရင်းနဲ့ Vaping လုပ်ရတာကို နှစ်သက်သဘောကျ စွဲလမ်းသွားရတာပါ။ ဒီလိုဖြစ်လာရင် အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် အင်မတန်မှ ရင်လေးစရာဖြစ်ပါတယ်။

အဲဒါကြောင့် ကျောင်းသားလူငယ်လေးတွေရော ကျောင်းပြင်ပရောက် လူငယ်လူရွယ်လေးတွေကို ပြောချင်တာက ဆေးလိပ်ဖြတ်ဖို့ Vape သောက်တာဖြစ်ဖြစ်၊ ခေတ်မီချင်လို့ Vape သောက်တာဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ Vape ဟာ မသောက်သင့်တဲ့အရာ ဖြစ်တယ်။ Vaping မလုပ်ကြပါနဲ့။ စီးကရက်ဆေးလိပ်တို့လိုပါပဲ ခပ်ဝေးဝေးကနေလုံးဝကို ရှောင်သင့်တဲ့အရာဖြစ်ပါတယ်။ အန္တရာယ်များလွန်းလို့ မသောက်ကြပါနဲ့လို့ အလေးအနက်တိုက်တွန်းပါရစေ။ ။


ကိုးကား ။ ။ internet သတင်းများ၊ ကျန်းမာရေးဆောင်းပါးများ၊


ဝင်းထွဋ်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)