နေပြည်တော်၊ ဇန်နဝါရီ ၁
၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ ၂၀၂၅ ခုနှစ်မှာ ပြည်သူများရဲ့အောင်ပွဲအဖြစ် နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းပြီး သက်သေ ပြကြဖို့ တိုက်တွန်းပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ကတည်းက နိုင်ငံတော်ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းကြောင်းကို မျှော်မှန်း ပြီး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ခဲ့ ပါတယ်။ ကျွန်တော်တို့ ခိုင်ခိုင်မာမာနဲ့ ကြိုးစားလျှောက်လှမ်းခဲ့ကြလို့ သိသာထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူများက တက်တက်ကြွကြွနဲ့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်လှမ်း ရမယ့်ခရီးမှာ စိန်ခေါ်မှုတွေ၊ အကျပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့နိုင်ငံသားများရဲ့ ကောင်းကျိုးကို မလိုလားသူတွေ အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း မြို့ရွာများလုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ ကြပါတယ်။ ကိုယ်နေထိုင်ရာ ကိုယ့်ရဲ့ဒေသနဲ့ လူမျိုးကို ထိခိုက်ပျက်စီး စေတဲ့ အသိဉာဏ်မဲ့တဲ့သူများရဲ့ လုပ်ရပ်များပဲဖြစ်ပါတယ်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဆိုတဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အကြောင်းအရာများကို အကြမ်းဖက်လုပ်ရပ်များ အပေါ် ခေါင်းစဉ်တပ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို အောက်ကျနောက်ကျ လုပ်နေတာပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော်တို့ ကာကွယ်တားဆီး ကြဖို့၊ ရပ်တန့်အောင် ကြိုးစားကြဖို့လိုအပ်ပါတယ်။" ဟု ထည့်သွင်း ပြောကြားသွားသည်။
တိုင်းပြည်ကိုလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒီလိုဆောင်ရွက်နိုင်မှုဟာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက်၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ် ခိုင်မြဲစေရေးအတွက် စွန့်လွှတ် စွန့်စားစွာ ဆောင်ရွက်နေကြသူများ ရှိနေကြလို့ပဲ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အသက်၊ ခန္ဓာစွန့် လွှတ်ခဲ့ကြတဲ့ သူရဲကောင်းတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးကို ကျွန်တော် အလေးအနက်ဂုဏ်ပြုပါကြောင်း၊ ဒါတွေဟာ သမိုင်းမှတ်တမ်းတွေအဖြစ် ကျန်ရစ်ခဲ့မှာဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေမှုနဲ့ စည်းလုံးညီညွတ်မှု တို့ကို ဖော်ထုတ်ပြသနိုင်ခြင်းလည်းဖြစ်ပါကြောင်း ပြောကြားထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဟာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် အကျိုးအတွက်၊ ပြည်သူတို့ရဲ့အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင် ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာ ရှိပါတယ်။ ဒါကိုပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီလို နည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ပြောနေပေမယ့်လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒသက်သက် နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ အချို့သော တိုင်းရင်းသားခေါင်းဆောင်များဟာ ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေ ကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည် ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများ ချင့်ချိန်စဉ်းစားပြီးဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့သင့်တယ် လို့ ပြောလိုပါတယ်။ ဒီလို ဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့ လမ်းကြောင်းမတူညီတဲ့ အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာ ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော် တို့ ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များ ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြား လိုပါတယ်။" ဟု ထည့်သွင်း ပြောဆိုထားသည်။
တပ်မတော်နဲ့ ပြည်သူတို့ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ သူရသတ္တိအပြည့်အဝနဲ့ နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ ကာကွယ်ပြီး နိုင်ငံတော်ကြီး ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ကြမယ် ဆိုတဲ့ စိတ်ဓာတ်တွေ မွေးကြရမှာ ဖြစ်ကြောင်း၊ ကျွန်တော့်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ဒါကြောင့် ကျွန်တော်တို့ပြည်သူများက ၂၀၂၄ ခုနှစ်မှာ ပြသနိုင်ကြတဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာနဲ့ ရွေးကောက်ပွဲ ကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပန်ကြားလိုပါကြောင်း၊ ၂၀၂၅ ခုနှစ်မှာ ပြည်သူများရဲ့အောင်ပွဲအဖြစ် နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းပြီး သက်သေပြကြဖို့လည်း တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment