စဉ့်ကိုင်၊ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မြို့နယ်အတွင်း ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည်ကိုအမြန်ပြီးစီးရေး ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီ ရောက်ပြီဖြစ်၍ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မီးဘေးစီမံချက်များကို စနစ်တကျ ရေးဆွဲတင်ပြကြရန်၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေးများ၊ စားသောက်ဆိုင်များသို့ သက်ဆိုင်ရာ ကော်မတီများက သွားရောက်စစ်ဆေးကြရန်၊ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့ဥပဓိရုပ် ကောင်းမွန်လာပြီး မြို့အင်္ဂါရပ်နှင့်ကိုက်ညီမှုရှိရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးဌာနမှ ဆက်လက် ဆောင်ရွက်ကြသွားကြရန် စသည့်အကြောင်းအချက်များကို မှားကြားဆွေးနွေးခဲ့သည်။ ထို့နောက်အဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်က မြို့နယ်လုံခြုံရေးကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဌာနများသို့ လုံခြုံရေးအထူးသတိထား၍ ဆောင်ရွက်သွားကြရန်နှင့် မြို့နယ်ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဥပဓိရုပ် ကောင်းမွန်စေရေး၊ ရုံးတွင်း/ရုံးပြင်သန့်ရှင်းသာယာလှပစေရေး အပတ်စဉ် ဆောင်ရွက်ထားကြရန် မှာကြားဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများကလည်း မိမိတို့ဌာနများအလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အခက်အခဲများအား အသီးသီးဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment