ဟားမတ်စ်က ပထမဆုံး ဓားစာခံ ၃ ဦးကို ပြန်လွှတ်၊ ပါလက်စတိုင်း အကျဉ်းသား ၉၀ လွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားမတ်စ်က ပထမဆုံး ဓားစာခံ ၃ ဦးကို ပြန်လွှတ်၊ ပါလက်စတိုင်း အကျဉ်းသား ၉၀ လွတ်မြောက်




နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စလာမစ်အဖွဲ့ ဟားမတ်စ်က ဓားစာခံအဖြစ်ဖမ်းဆီးထားတဲ့ အစ္စရေးအမျိုးသမီး သုံးဦးကို တနင်္ဂနွေနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ၃ နာရီနီးပါး ကြန့်ကြာခဲ့ပြီးတဲ့နောက် ဒေသအချိန် တနင်္ဂနွေနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ စတင်ခဲ့ပါတယ်။

ဟားမတ်စ်ဟာ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၀၀ လောက်အထဲက ၃၃ ဦးကို လွှတ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

သဘောတူညီချက်အရ ပထမဆုံး ဓားစာခံ ၃ ဦးကို နိုင်ငံတကာ ကြက်ခြေနီကော်မတီဆီ လွှဲပြောင်းပေးခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီ ဓားစာခံ ၃ ဦးဟာ ဂါဇာကမ်းမြောင်နယ်စပ်ကို မဖြတ်ကျော်ခင် အစ္စရေးစစ်တပ်ဆီလွှဲပြောင်းပေးခဲ့ကြောင်း အစ္စရေးအစိုးရက ပြောပါတယ်။

ဓားစာခံတွေဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ အစ္စရေးအရာရှိတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီသဘောတူညီချက်အရ ဟားမတ်စ်ဟာ သီတင်းတစ်ပတ်စီမှာ ဓားစာခံတချို့ကို လွှတ်ပေးမှာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးဟာ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးရေးနဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို လူနေထူထပ်တဲ့နေရာတွေကနေ ရုပ်သိမ်းရေး စီစဉ်ထားပါတယ်။

ဒီကာလအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ ထာဝရအပစ်အခတ်ရပ်စဲရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေအတွက် ကြိုးပမ်းတဲ့အနေနဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့် ဆွေးနွေးပွဲတွေကို သက်ဆိုင်သူတွေဟာ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၁၅ လကျော် ကြာမြင့်ခဲ့တဲ့ အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် အနည်းဆုံး လူ ၄၆,၉၁၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည် ဖော်နိုင်မှာလားဆိုတဲ့အပေါ် အများက အာရုံစိုက်နေကြပါတယ်။

အလားတူ အစ္စရေးဟာ ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို တနင်္လာနေ့မှာ လွှတ်ပေးခဲ့တယ်လို့ မီဒီယာအများအပြားက ဖော်ပြပါတယ်။

လပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် ဂါဇာကမ်းမြောင်ဒေသရှိ လူတွေဟာ ခိုလှုံရာနေရာတွေကနေ အပြင်ကိုထွက်လာခဲ့ကြပါတယ်။ အများအပြားဟာ တစ်ချိန်က နေအိမ်တွေ ရှိခဲ့ရာ အပျက်အစီးပုံတွေဆီ ပြန်သွားကြပြီး မပျက်မစီးကျန်ရစ်ခဲ့တဲ့အရာတွေကို ရှာဖွေနေကြပါတယ်။

အခုဆိုရင် တိုက်ပွဲတွေ ခဏရပ်သွားတဲ့အတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဝင်ရောက်ရေး ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Rafah နယ်စပ်ဖြတ်ကျော်ရေးစခန်းကနေတစ်ဆင့် တစ်နေ့ကို ထရပ်ကား အစင်းရေ ၆၀၀ လောက် ရိက္ခာတွေ ရောက်ရှိလာမယ်လို့ သိရပါတယ်။


Ref - NHK

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)