ဂန့်ဂေါ၊ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(စည်ပင်သာယာ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်ကစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)မှ ကျောင်းသား/ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆိုဖွင့်လှစ်ကာ တာဝန်ခံခရိုင်ပညာရေးမှူး၊ လက်ထောက်ညွှန်ကြာရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားကာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စည်ပင်သာယာ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းယုက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်နှင့် ကျောင်းတွင်းကာယဉာဏ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ခံခရိုင် ပညာရေးမှူး ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ(၁၀၇)ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ပညာရေးစုံညီပွဲတော်နှင့် ကာယဉာဏပြိုင်ပွဲများအတွက် ဆုတံဆိပ် (၃၈) ဆုကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ပညာရေးစုံညီပွဲတော်နှင့် ကာယဉာဏပြိုင်ပွဲများအတွက် ဆုတံဆိပ်(၉၉)ဆုကိုလည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ကျောတိုက်)တွင် ပညာရေးစုံညီပွဲတော်နှင့် ကာယဉာဏပြိုင်ပွဲများအတွက် ဆုတံဆိပ် (၁၀၆)ဆုကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ အဆိုပါ ကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်း၊ “ပြည်ထောင်စုကြီးထာဝရတည်တံ့စေသား” သီချင်း၊ “ငြိမ်းချမ်းတဲ့ နိုင်ငံ” သီချင်း၊ “ ချင်းရိုးရာအက”၊ “နွယ်တော်ဂျိမ်းဖောအက” နှင့် “ ပြည်ထောင်စုအင်အား” စသည့် တေးသီချင်း များဖြင့် တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားများသို့ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသည့် ဧည်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်များကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment