စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားတက်ရောက်




မုံရွာ၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Fitness Dance အဖွဲ့နှင့် ဘင်ခရာ/ ပန်းပွားအဖွဲ့များမှ တီးမှုတ်ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦး၊ မုံရွာခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းဝင်းနှင့် လူရည်ချွန် ၂ ထပ်ကွမ်း မောင်ဟိန်းသူဝင်းတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွား အဖွဲ့နှင့် Fitness Dance အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။   

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ ကရာတေး/မြန်မာ့သိုင်း သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာကျောင်းအတွင်းရှိ စာသင်ခန်းများတွင် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သီးပင်၊ စားပင်၊ အရိပ်ရပင်နှင့် ပန်းအလှပင်ပြခန်း၊ သင်ထောက်ကူပြခန်း၊ သိပ္ပံလက်တွေ့ပြခန်း၊ ပန်းချီ/ထုံးဓလေ့/အိမ်တွင်းမှုပြခန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပြခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ဒုတိယပိုင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာမုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများမှ “ကြိုဆိုပါသည်စုံညီပွဲတော်”တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကျင်းပပြုလုပ်သည့် ပညာရေး စုံညီပွဲတော်တွင် တိုင်းဒေသကြီးအဆင့် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြင့် ပို၍ထူးချွန်သည့် ကျောင်းသား/သူလေးများ ပေါ်ထွက်လာရေးအား များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည့်အပြင် ပညာရေးမဟာဗျူဟာစီမံကိန်း၏ အခြေခံပညာကဏ္ဍ မျှော်မှန်းချက်များ အောင်မြင်ရေးအတွက် အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များသည် အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ အရည်အချင်းရှိသည့် ပညာတတ် နိုင်ငံသားများ အများအပြားရှိသည့်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည့် နိုင်ငံများအဖြစ် ရပ်တည်နေကြသည်ကို မျက်မြင်တွေ့မြင်နိုင်ပါကြောင်း၊ ဆရာ/ဆရာမများ အနေဖြင့် မိမိ၏တပည့်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလ(၅)တန်နှင့်ပြည့်စုံသည့် လူရည်မွန်လေးများဖြစ်အောင် ကျောင်းသင်ခန်းစာများအား သင်ကြားပေးရင်း လေ့ကျင့်ပျိုးထောင်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့်လည်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာပြည့်ဝပြီး အေးချမ်းစွာဖြင့် နေထိုင်နိုင်သည့် ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံတော်ကြီးအဖြစ် ဝိုင်းဝန်းတည်ဆောက်ကာ အနာဂတ်တွင် ဆက်လက်တာဝန်ယူကြမည့် ယနေ့ကျောင်းသား/သူများအတွက် ကောင်းမွန်သည့်အမွေအနှစ်များ လက်ဆင့်ကမ်းနိုင်အောင် ဆထက်တိုးကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က Clean and Green School ဆုရကျောင်းများမှ ကျောင်းအုပ်ကြီးများထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဒုတိယဆုရရှိသူနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၏ Online မှတဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် နိုင်ငံတော်အဆင့်(ဒုတိယ)ဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးတို့က ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်၊ သင်္ချာ၊ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ပြခန်းပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့် ငွေနှင့်ဂုဏ်ပြုဆု လက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူများက တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)