ပြည်၊ ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်တိုင်ကျင်းပခဲ့သော(စတုတ္ထအကြိမ်)မြောက် အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စေတီတော်ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်(သုံးထပ်ဆောင်)၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ကာ ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ပြည်ရွှေဆံတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး/ဆရာလေးများထံ လှူဖွယ်ဝတ္ထုများနှင့် ဆေးပစ္စည်းခြင်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်မြို့ ရတနာမာရ်အောင်တောရကျောင်းတိုက် ဆရာတော်ကြီးက မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုအောင်ပွဲနှင့် စေတီတော်ရင်ပြင်၌ အရိပ်စင်များ လှူဒါန်းခဲ့ကြသည့် ရပ်ဝေး/ရပ်နီးမှ အလှူရှင်များ၏ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားချီးမြှင့်တော်မူပြီး ဝေနေသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေသည်။ ၎င်းနောက် ပြည်မြို့ မဟာသုဒဿနရာမ ပရိယတ္တိစာသင်တိုက်မှ စာချနာယကဆရာတော်နှစ်ပါးက ပဋ္ဌာန်းသိမ်းအောင်ပွဲ အောင်ဂါထာတော်နှင့် နတ်ဗြဟ္မာတို့အား ပြန်လည်ပို့ဆောင်သည့် ဂါထာတော်တို့ကိုရွတ်ဆိုပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုရုတ်သိမ်းကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်/သံဃာတော်များ၊ သီလရှင်ဆရာကြီး/ ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာကြီးများ အမှူးပြုသော မြို့ပေါ်စာသင်တိုက်များမှ ဆရာတော်သံဃာတော်များ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့များနှင့် အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး ပြည်မြို့ စတုတ္ထအကြိမ်မြောက် မဟာဆေးပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများအပါအဝင် ရပ်ဝေး/ရပ်နီးအလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ် ၇၆၉ သိန်း ၈၈၁၀၀ ကျပ်တန်ဘိုးရှိ အလှူငွေနှင့်ဆေးပစ္စည်းများ အလှူခံရရှိကာ ယင်းအလှူခံရရှိမှုကို ပြည်မြို့ရှိ စာသင်တိုက်များနှင့် သီလရှင်ကျောင်း စုစုပေါင်း ၆၅ ကျောင်းသို့ ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment