မော်လမြိုင်၊ ဇန်နဝါရီ ၁၇
သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ် (၅ဝ) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ပြည်သူများအတွက် သူနာပြုအတတ်ပညာများဖြင့် ဘေးကင်းလုံခြုံစိတ်ချရတဲ့ အရည်အသွေးရှိတဲ့ သူနာပြုကောင်းများ ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး မွန်မြတ်တဲ့စိတ်ကောင်း၊ စေတနာကောင်းများနဲ့ သူနာပြုသားဖွားအတတ်ပညာကို ရွေးချယ်ကာ သူနာပြုသင်တန်းဝင်ခွင့်ရရှိခဲ့ကြတဲ့ သူနာပြုသင်တန်းသား မောင်၊ မယ်များအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သင်တန်းတက်ရောက်ရန် မိမိတို့ထားရှိခဲ့တဲ့ ရည်ရွယ်ချက်များကို အပျောက်မခံဘဲ စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်သန်တဲ့ လုံ့လ၊ ဝီရိယတို့နဲ့ ကြိုးစားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)မှ သူနာပြုသင်တန်းသား၊ သင်တန်းသူလေးများက တေးသီချင်းများ၊ အကအလှများ၊ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)အတွက် အလှူငွေများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သူနာပြုသင်တန်းအတွက် အလှူငွေများအားလည်းကောင်း ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်လွင်ပထမနှစ် သင်တန်းသူ၊ သင်တန်းသားလေးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment