တာမွေ၊ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေး များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏ အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန် အတွက် ရည်ရွယ်၍ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံ ပညာ အလယ်တန်းကျောင်းမှ ကျောင်းတာဝန်ခံ ဆရာမဒေါ်ခင်အေးနွယ်က “ လူငယ်နှင့် ပညာရေး ” ၊ “ လူငယ်နှင့် ယဉ်ကျေးမှု ” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ” ၊ “ လူငယ်နှင့်စာပေ ” ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလို သည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းတာဝန်ခံ ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment