နမ့်စန်(တ)၊ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(မြို့မ) ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နမ့်စန်မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းထွန်းက အမှာစကားပြောကြားခဲ့ပြီး အ.ထ.က (မြို့မ)ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးမိုးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုရဲမှူး ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က(မြို့မ)ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးမိုးနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက မြို့နယ်အဆင့်များတွင် အားကစားနှင့် ဘာသာရပ်ထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းတက်မှန်ဆုရ ဆရာ/ဆရာမများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် အ.ထ.က(မြို့မ)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment