စစ်တွေ၊ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ လောကာနန္ဒာ စေတီတော်မြတ်ကြီးရင်ပြင်တွင် နေပူခံကျောက်ပြားခင်းရန်နှင့် စစ်တွေမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများတွင်အသုံးပြုရန် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသော အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ MV CHARITES သင်္ဘောဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တွင် နေပူခံ ကျောက်ပြားခင်းရန်နှင့် စစ်တွေမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တည်ဆောက်ရေး ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါပစ္စည်းများအား MV CHARITES သင်္ဘောပေါ်မှ လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ ကုန်တင်ကုန်ချပြုလုပ်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ်တကျအတင်အချ ပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသော နေရာများသို့မရောက်ရှိစေနိုင်ရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက် နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသော ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ဟန်ချက်ညီညီလည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၏ အင်အားနှင့်အတူပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတက်ရောက်ခဲ့သော သင်တန်းသူ၊ သင်တန်းသား ဝန်ထမ်းများသည် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေးနေ ကြသည့်ဝန်ထမ်းများဖြစ်သကဲ့သို့ ဌာန၏ပင်မလုပ်ငန်းတာဝန်များကိုလည်း ကျေပွန်အောင် ဆောင်ရွက်ပေးနေကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများသည် အုပ်ချုပ်ရေးဆိုင်ရာပညာရပ်များအပြင် ခေတ်နှင့်အညီနည်းပညာဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ e-Government အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းတွင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်သုံးကွန်ပျူတာပညာများကို လေ့လာဆည်းပူးခွင့်ရရှိပြီး လုပ်ငန်းခွင်တိုးတက်မှုရှိလာစေရန်၊ ခေတ်မီနည်းပညာရပ်များကို အသုံးချ၍ ရုံးလုပ်ငန်းဆိုင်ရာများကို ပိုမိုထိရောက်အောင်ဆောင်ရွက်လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းက သင်ကြားပေးလိုက်သော ပညာရပ်များကို သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် မိမိတို့ရုံးဌာနများသို့ ပြန်လည်ရောက်ရှိသည့်အခါ စနစ်တကျဖြင့် ပြန်လည်အသုံးပြုနိုင်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းခွင်တွင် အသုံးဝင်မှုရှိသော ဝန်ထမ်းကောင်းများ၊ စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းအဖြစ်သာမက တာဝန်ထမ်းဆောင်ရာတွင် ထက်မြက်သည့်ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြပါ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ကြုံတွေ့ရသည့် အခက်အခဲများကို ဝန်ထမ်းကောင်းပီသစွာ တာဝန်ထမ်းဆောင်ပါမှကျော်ဖြတ်နိုင်မည်ဖြစ်၍ မိမိနိုင်ငံ၊ မိမိပြည်နယ်အတွက် အားကိုးရမည့် ခေတ်မီစနစ်ကျသော အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)နှင့် သင်တန်းဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ကြကာ ပြည်နယ်ဥပဒေချုပ်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment