မြစ်ကြီးနား၊ ဇန်နဝါရီ ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်ထောင်စု၏စည်းလုံးခြင်း၊ စီးပွားလာဘ် လာဘတိုးပွားစေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ရုံးရှေ့မြက်ခင်းပြင်၌ မနောတိုင်ကို ရိုးရာအစဉ်အလာနှင့်အညီ စိုက်ထူခဲ့ကြသည်။
ရှေးဦးစွာ မနောတိုင် စိုက်ထူပွဲအခမ်းအနားကို ကတ်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး ဖာသာဒေါက်တာဂေါ်လူယုံဝါ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာတော်များ ဦးဆောင်၍ မနောပွဲဦးဆောင်သူ နောင်ရှောင်များနှင့်အတူ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝတ်ပြုပွဲအစီအစဉ်ကို သိက္ခာတော်ရဆရာတော်က ဆုတောင်းဆက်ကပ်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု၏ စည်းလုံးခြင်း၊ အေးချမ်းသာယာခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် အောင်မြင်စွာ ကျင်းပဆင်နွှဲနိုင်ရေး ဆုမွန် တောင်းခံပေးနိုင်ရန် ပြောကြားပြီး ဖာသာဒေါက်တာဂေါ်လူယုံဝါက ဆုတောင်းဆက်ကပ်ကောင်းချီး တောင်းခံပေးသည်။
ဆက်လက်၍ မနောပွဲ ဦးဆောင်သူ နောင်ရှောင်ခေါင်းဆောင်က ရိုးရာအစဉ်အလာနှင့်အညီ မနောပွဲတော် ကျင်းပနိုင်ရေး၊ မနောတိုင်စိုက်ထူခြင်းတို့အတွက် ဆုမွန်ကောင်းများ တောင်းခံပေးကာ သိက္ခာတော်ရဆရာက ကောင်းချီးပေးပြီး မနောတိုင်အား စုပေါင်းစိုက်ထူခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း ပထမဆုံး နှစ်ဖက်ချောစက္ကူစာအုပ်ထုတ်လုပ် နိုင်ခဲ့သည့် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ပိုင် စက်ရုံသို့ သွား ရောက်ခဲ့ကြပြီး စက်ရုံအတွင်း ပလပ်စတစ်၊ စက္ကူ၊ တစ်ရှူးငှက်ပျော စသည့် စွန့်ပစ်ပစ္စည်းများအား ပေါင်းခံစက်ဖြင့် စက္ကူကြမ်းထုတ်လုပ်၍ ထိုမှတစ်ဆင့် အဆင့်မြင့်စက်ကြီးများဖြင့် နှစ်ဖက်ချောစက္ကူ အဖြစ် ထုတ်လုပ်ဆောင်ရွက်နေမှု၊ အဆိုပါ နှစ်ဖက်ချောစက္ကူအား ကျောင်းသုံးဗလာစာအုပ်အဖြစ် ပြည်နယ်အတွင်း ဖြန့်ဝေနိုင်ရေး ရိုက်နှိက်၍ ထုတ်လုပ်/ ထုတ်ပိုးနေမှုလုပ်ငန်း အဆင့်ဆင့်တို့ကို လည်းကောင်း၊ ဒေသတွင်း ရောင်းချဖြန့်ဖြူးနေသည့် စက်ရုံထုတ် တစ်ရှူးစက္ကူထုတ်လုပ်နေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါ ရပ်ကွက်အတွင်းရှိ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားစေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူများ နွားဖြင့်ထယ်ထွန်၍ သီးထပ်အဖြစ် ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်သီးနှံ ကြဲပက်စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗလမင်းထင်စံပြစိုက်ကွင်းတစ်ခုလုံး သီးထပ်စိုက်ဧကအား ယခုနှစ်အတွက် ဧက ၅၀ အထိ တိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် စက်သုံးဆီအခက်အခဲကြောင့် လယ်ထွန်စက်များ ဝင်ရောက်နိုင်ခြင်းမရှိသေးသည့်အပေါ် ထယ်ရေးဝင်နောက်ကျမှုကို ပန်းတိုင်အထွက်နှုန်းကျဆင်းမှုမရှိစေရေး နည်းပညာပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါစိုက်ကွင်းဘေးရှိ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးအတွက် တွဲကားကြီးများနှင့် စက်သုံးဆီသိုလှောင်နိုင်သည့် ဆီတိုင်ကီများနှင့် နယ်စပ်ကုန်သွယ်ရေး ကုန်တင်ကားကြီးများ ရပ်နားထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment