ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်




ဟားခါး,  ဇန်နဝါရီ ၅


( ၇၇ )နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ယဉ်ကျေးမှုအက အဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။


ဦးစွာ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယမန်နေ့ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူအားလုံးအပေါ် အထူးပင်ကျေးဇူးတင် ရှိပါကြောင်း၊ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး က မဆုတ်မနစ်သည့် ဇွဲ၊ လုံ့လ၊ ရဲစွမ်းသတ္တိ၊ မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တွန်းလှန်တိုက်ပွဲဝင်ပြီး အသက်သွေးချွေးများစွာစတေးပြီးမှ ရရှိလာခြင်းဖြစ်ကြောင်း၊ မိမိတို့၏ဘိုးဘေးအစဉ်အဆက် အသက်သွေးချွေး ရင်းနှီးပေးဆပ်ပြီး ရရှိလာသည့် လွတ်လပ်ရေးအမွေကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ဖြစ်ပါကြောင်းနှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၏ မျှော်မှန်းချက်များနှင့်အညီ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားသည်။


ထို့နောက် ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “Rawl Sawm Tuk” အကနှင့် “Cong Lai Zonh” အကများဖြင့်လည်းကောင်း၊ ပလက်ဝ မြို့နယ်ယဉ်ကျေးမှုအကအဖွဲ့မှ “စည်းလုံးကြမည်” အကနှင့် “ပြည်ထောင်စုကြီး ထာဝရ ငြိမ်းချမ်းပါစေ” အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အကအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ညနေစာအတွက် သိက္ခာတော်ရ ဆရာတော် စတီဗင်လျန်ဟုပ်လိန်းက ကျေးဇူး တော်ချီးမွမ်းပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ယဉ်ကျေးမှုအကအဖွဲ့များသည် ဘူဖေး (Buffet) ဖြင့် ညနေစာ အတူတကွ သုံးဆောင်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)