နေပြည်တော်၊ ဇန်နဝါရီ ၁၅
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားလိုကြောင်း ထည့်သွင်း ပြောဆိုသွားသည်။
အဆိုပါ သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ရှိနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့် ဆူပူအကြမ်းဖက်မှုများမှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသည်ဟုဆိုသူများက မဲမသမာမှုများဖြင့် နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူရန်ဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသောကြောင့်သာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါသည်ဟုဆိုသော ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီ စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက် မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက်ပြုလုပ်နေကြကြောင်း၊ ၎င်းတို့မှာ မိမိတို့နိုင်ငံအား သူတို့အလိုကျ ခြယ်လှယ်ချုပ်ကိုင်နိုင်ရန်နှင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေခြင်းပင်ဖြစ်သည်ကို သတိပြုမိကြစေလိုပါကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လျှောက်လှမ်းနိုင်ရန် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးကိုသာ အစဉ်ရှေးရှု ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေရန်နှင့် စားရေရိက္ခာ ဖူလုံစေရန် အဓိကထားပြီး တိုင်းရင်းသားပြည်သူများနှင့်အတူ တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယခုလတ်တလော အခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန် လုပ်ကြံသတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များ မှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင် ကြရမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် မကြာမီကာလက KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု ပျက်စီးစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်မှုများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာလည်း ဒေသခံများပင်ဖြစ်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသည့် အတွေးအခေါ်အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းပင် ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment