ပုသိမ်၊ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ သစ်လွင်သူနာပြုများအား လုပ်ငန်းခွင်အကြို သင်တန်းဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို ယမန်နေ့က ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် တာဝန်ရှိသူများ၊ သစ်လွင်သူနာပြု သင်တန်းသား၊ သက်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက“သင်တန်းမှ ပို့ချချက်များကို ထပ်ခါထပ်ခါ အမြဲလေ့ကျင့်သင်ယူနေကြမည်ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချချက်များအား မရှင်းလင်းသည်များကိုလည်း ပွင့်ပွင့်လင်းမေးမြန်းကြရန်လိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိဆေးရုံတိုးတက်ရာ တိုးတက်ကြောင်းအတွက် ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရွက်ရန် လိုပါကြောင်း၊ လူနာများကိုလည်းကိုယ်နှင့်ယှဉ်၍ ပြုစုစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အချင်းချင်းလည်း ဆိုးတိုင်ပင် ကောင်းတိုင်းပင် ကူညီရိုင်းပင်းကြရန်လည်း လိုအပ်ပါကြောင်း” အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို ယခုလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment