ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် တောင်ကွဲစေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် တောင်ကွဲစေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး








လွိုင်ကော်၊ ဇန်နဝါရီ ၂၃

အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကြောင့် လွိုင်ကော်တက္ကသိုလ်၏ အဆောက်အအုံများ ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်တက္ကသိုလ်ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြင်ဆင်နိုင်ရေးဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ပရိဝုဏ် အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ကိစ္စရပ်များအပါအဝင် ဆက်၏စပ်လုပ်ငန်းများအားလုံး စနစ်တကျ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြန်လည်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး ပြင်ဆင်ခြင်းလုပ်ငန်းများကို အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး စနစ်တကျကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးက မိမိတို့ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များကို အသေးစိတ်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်အမြန်ဆုံးပြုပြင်ဖွင့်လှစ်နိုင်ရန် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအင်အား၊ စက်ယန္တရားများ အသုံးပြု၍ တက္ကသိုလ်ပရိဝုဏ်အတွင်း လမ်းဝဲယာနှင့် အဆောင်များပတ်ဝန်းကျင် ချုံနွယ်သစ်ပင်များနှင့် အမှိုက်သရိုက်များအား ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးဂရုပြုရန်နှင့် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တက္ကသိုလ်အတွင်းရှိ ကယားသဇင်နှင့် ကယားချယ်ရီကျောင်းသူ အိပ်ဆောင်၊ ဥပဒေ၊ သမိုင်း၊ သတ္တဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒဌာနများ၏ ရုံးခန်းနှင့် စာသင်ခန်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များနှင့် တက္ကသိုလ်ပင်မဆောင်များအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထိခိုက်ပျက်စီးခဲ့သည့် အဆောင်များရှိ ကျန်ရှိပစ္စည်းများအား စနစ်တကျစာရင်းကောက်ယူ၍ ထိန်းသိမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ သီရိမင်္ဂလာတောင်ကွဲစေတီတော်မြတ်နှင့် အရန်စေတီတော်များအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှု၊ ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တောင်ကွဲစေတီတော်ဓမ္မာရုံအသစ်အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်လုံးချမ်းသာ စေတီတော်ကြီး၏ အာရုံခံတန်ဆောင်းများတွင် အခင်းကြွေပြားများ ပြန်လည်ခင်းပေးရန်၊ တောင်တော်အတက်အဆင်းလမ်းတစ်လျှောက်ရှိ သံလှေကားများ ကြံ့ခိုင်ရေးနှင့် သစ်လွင်တောက်ပစေရေးပြုပြင်ပေးရန်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ရန်နေရာများ စနစ်တကျရှိစေရေး၊ ဓမ္မာရုံအသစ်တွင် ထည့်သွင်းဆောင်ရွက်နေသည့် မြန်မာမှုအနုပညာလက်ရာများ လက်ရာမြောက်စေရေးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)