မန္တလေး၊ ဇန်နဝါရီ ၂
မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက နဝမမြောက်ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အထိမ်းအမှတ် ခုနှစ်ရက်သားသမီး အများကောင်းမှုဖြင့် တည်ထားကိုးကွယ်လှူဒါန်းသည့် လောကုက္ကဋ္ဌစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ၊ မစိုးရိမ်တိုက်သစ်ရှိ စိတ္တပါလဗုဒ္ဓဝိပဿနာဗိမာန်တော်တွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဌာဘိဝံသ အမှူးပြု၍ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ အလှူရှင်များနှင့်ဖိတ်ကြား ထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကာ နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော် ဆောင်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ထံက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ကိုးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များနှင့် လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မစိုးရိမ် တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ထံက သြဝါဒများ နာယူကြ၍ လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှအတမ်းပေးဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်း၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့ အမှတ်(၁)တပ်မတော်စစ်ဆေးရုံ၊ ခုတင် ၇၀၀ ရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူသီတင်းသုံးနေတော်မူသည့် ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ သက်တော် ၉၆ နှစ်၊ သိက္ခာတော် ၇၆ ဝါအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက သွားရောက်ဖူးမြော်၍ အာဟာရဖြည့်စွက်စာများ ဆက်ကပ် လှူဒါန်းခဲ့ပြီး တပ်မတော်စစ်ဆေးရုံမှ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးကုပါရဂူဆရာဝန်ကြီးများနှင့် ပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများမှ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေမှုနှင့် ကျန်းမာရေးအခြေအနေတိုးတက် ကောင်းမွန်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ အောင်မြေသာစံမြို့နယ် မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာ ဘုရားအာရုံခံတန်စောင်းတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့နှစ်သစ်ကူး အခါ သမယရက်မြတ်တွင် အန္တရာယ်ကင်းပရိတ်ကြီး(၁၁)သုတ်၊ မဟာသမသုတ်(၇)သုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော် ခြင်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်ကြည်ညိုကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပခဲ့ကြောင်းနှင့် အဆိုပါရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၁၁ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၈ နာရီ အထိ ၁၁ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment