နေပြည်တော်၊ ဇန်နဝါရီ ၁၂
နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် စက်ချုပ်နည်းပညာနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာ ပညာရောင်ခြည်ကျောင်းတိုက် မြတ်သုခဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်မိ/ရပ်ဖများ၊ ကျေးရွာနေပြည်သူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်တိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးရွာများအကြား ဖွံ့ဖြိုးမှုကွာဟမှု ကျဉ်းမြောင်းစေရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ချုပ်လုပ်ငန်းနှင့် လူသုံးကုန် ထုတ်လုပ်မှုလုပ်ငန်းများသည် နေ့စဉ်ဝင်ငွေရရှိသည့် လုပ်ငန်းများဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို ကြိုးကြိုးစားစား လိုက်နာသင်ယူပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဝတ်စုံများ၊ သင်တန်းသုံးပစ္စည်းများကို သင်တန်းသား/သင်တန်းသူများအား ပေးအပ်ပြီး သင်တန်းတွင်ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသား/သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၄၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနက် ထူးချွန်ပြီး အမှန်တကယ်လုပ်ငန်းထူထောင် လိုသူ ငါးဦးကို ရွေးချယ်ကာ တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းနှင့် ညီမျှသော အပ်ချုပ်စက်၊ ဓါးစက်၊ ဘီတင်စက်၊ ထုပ်သီးရိုက်စက်စသည့် ပစ္စည်းလေးမျိုးကို ပေးအပ်သွားမှာဖြစ်ကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား/သင်တန်းသူ ၁၄ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၁၄ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနက် ထူးချွန်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်လိုသူ ငါးဦးကို ရွေးချယ်ကာ တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းနှင့် ညီမျှသော ဆပ်ပြာမွှေစက်၊ စတီးကန်၊ Hand Mixer ၊ Blendar နှင့် ဂရမ်ချိန်စက် စသည့် ပစ္စည်းငါးမျိုးကို ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ ကွင်းအမှတ် ၁၂၈၃ ရှိ ရေကြီးနစ်မြှုပ်လယ်ယာမြေ စိုက်ဧက ၁၀ ဧကတွင် ရေဆင်းစပ်မျိုးနေကြာ-၁ ဆောင်းနေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား တိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း မှာကြားပြီး ဆောင်းနေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရွေးစု (မြောက်)ကျေးရွာ အမှတ်(၈၅) အခြေခံမူလတန်းကျောင်းတွင် ၆၀×၃၀ ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် ညောင်လွန့်ကျေးရွာနှင့် သရက်ပင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း အရှည် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကိုလည်းကောင်း၊ မကျီးပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူကျေးရွာရှိ ရွှေဟိန်းဆန်စက် တွင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်ခိုင်မာစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ လမ်းပုခုံးသားများ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရေး၊ သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ပင်လောင်းလမ်းမကြီးနှင့် ရာဇဌာနီလမ်းမကြီးတစ်လျှောက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ရေသယ်ယာဉ်များ၊ သန့်ရှင်းရေးလုပ်သားများဖြင့် လမ်းမကြီးသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်သည့် သွင်းအားစုများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ မြေပြင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်စေရေး၊ လျှပ်စစ်မြစ်ရေ တင်လုပ်ငန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး ရေတင်စနစ်များကို အသုံးပြုနိုင်ရေး၊ ရေရရှိနိုင်သည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးနှံများကို သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ အထွက်နှုန်းများကို သတ်မှတ်ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ထွက်ရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာ ဖြစ် ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စားသောက်ကုန်များနှင့် ထုတ်ကုန်ပစ္စည်းများကို တိုးတက်ထုတ်လုပ်နိုင်ရေးနည်းလမ်းမျိုးစုံ ရှာဖွေပြီး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးညီညီမင်း က ၂၀၂၄-၂၀၂၅ ခုနှစ် စိုက် ပျိုးရာသီး သီးနှံများ စိုက်ပျိုးပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ထိန်းသိမ်းရေး) တိုင်းဦးစီးမှူးက စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်၍ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆေးဖက်ဝင် ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
Join - https://t.me/MyanmarNationalPost






No comments:
Post a Comment