ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သိက္ခာထပ်မင်္ဂလာနှင့် ဝိဇာတမင်္ဂလာ ဆင်ယင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သိက္ခာထပ်မင်္ဂလာနှင့် ဝိဇာတမင်္ဂလာ ဆင်ယင်ကျင်းပ



ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီတော်(၁၃)ဆူတို့၏ သြဝါဒါစရိယ၊ တိပိဋကာလင်္ကာရ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယက၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၏ သိက္ခာထပ်မင်္ဂလာနှင့် (၇၁)နှစ်ပြည့် ဝိဇာတမင်္ဂလာကို ယနေ့နံနက် ၉ နာရီက သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ သလ္လာဝတီလမ်းမကြီးရှိ တိပိဋကာလင်္ကာရစာသင်တိုက်(၁၀၈-တောင်စေတီတော်အနီး)တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော သံဃာတော်အရှင်သူမြတ်(၁၈)ပါးတို့ကို ပင်မအလှူရှင်မိသားစုများနှင့် (၇)ရက်သားသမီး အလှူရှင်များက သိမ်ဆင်းလောင်းလှူကြသည်။

ဆက်လက်၍ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဇောတိပါလထံမှ ကြွရောက်လာကြသူများက ရှစ်ပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးဦးဇော်ဦးက ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ၏ ထေရုပ္ပတ္တိအကျဉ်းနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ပင်မအလှူရှင်များ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် စေတီတော်အသီးသီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးနှင့် (၇)ရက်သားသမီးအလှူရှင်များက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းဥက္ကဋ္ဌဆရာတော်ထံ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြသည်။

အဆိုပါ သိက္ခာထပ်မင်္ဂလာနှင့် ဝိဇာတမွေးနေ့မင်္ဂလာကို ရဟန်းဒါယကာ သီရိသုဓမ္မမဏိ ဇောတဓရ ဦးအောင်ကိုဇော် + ဒေါ် အေးစန္ဒာမြိုင်၊ သား- ကိုခန့်ဇော်၊ ကိုခန့်သူ(ရွှေနယားမိသားစု)၊ ကွယ်လွန်သူများဖြစ်ကြသော ဖခင်ကြီးဦးသိန်းအောင်၊ မိခင်ကြီးဒေါ်သန်းမြင့်၊ ခင်ပွန်းဦးသိန်းဆွေမြင့်တို့အားရည်စူး၍ ဒေါ်လွင်လွင်အောင်(ဥက္ကဋ္ဌ - မလွင်ဂရု(ပ်) သတ္တုကုမ္ပဏီ)၊ သမီး-ဒေါက်တာခင်သီရိခေတ်၊ သား-မောင်အောင်ကျော်ဇေယျမိသားစု၊ ဒေါ်ဖြူဖြူသိန်းမိသားစု၊ ဒေါ်သူဇာမိသားစု၊ ဒေါ်အိအိချိုမိသားစု၊ ဒေါ်အိအိဖူးမိသားစုတို့က ပင်မအလှူရှင်များအဖြစ် လှူဒါန်းခဲ့ကြသည်။


ဆောင်းနှင်းဖြူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)