ဝါရှင်တန်၊ ဇန်နဝါရီ ၂၂
အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းတွင် လွှတ်တော်အဆောက်အဦ အဝိုင်းပုံခန်းမအတွင်း၌ ထရမ့်သည် အမေရိကန်နိုင်ငံ၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ လေးနှစ်ခြားပြီးနောက် ၎င်း၏ဒုတိယအကြိမ်မြောက် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ထရမ့်က ထိုနေ့တွင် ရာထူးလက်ခံပြီးနောက် ပြောကြားသည့် မိန့်ခွန်းစကားနှင့် ထုတ်ပြန်သော မူဝါဒအသစ်များသည် “အမေရိကန်ဦးစားပေး” ထူးခြားချက်နှင့် တစ်ဖက်သတ်ဝါဒ အရောင်အသွေးများ ထင်ဟပ်နေသည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။ ထရမ့်၏ ရာထူးလက်ခံခြင်း အခမ်းအနားနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များသည် အမေရိကန်၏ နိုင်ငံရေးအစွန်းရောက်မှုကို ထပ်မံပေါ်လွင်စေသဖြင့် ထရမ့်အာဏာရလာပြီးနောက် အမေရိကန် လူမှုအသိုက်အဝန်း ခွာပြဲမှုများ ထပ်မံနက်ရှိုင်းလာမည်ကို စိုးရိမ်ရပေသည်။
“အမေရိကန်ဦးစားပေး” ပိုမိုဆိုးရွားလာ
ထရမ့်က ပထမအကြိမ် ရာထူးသက်တမ်း၏ ရာထူးလက်ခံခြင်း မိန့်ခွန်းပြောကြားရာတွင် “အမေရိကန် ဦးစားပေး” ကို အလေးထားပြောကြားခဲ့သည်။ အချိန် ၈ နှစ်အကြာ ရာထူးလက်ခံခြင်း မိန့်ခွန်းပြောကြားရာတွင် အဆိုပါလေသံအတိုင်း ဆက်လက် ပြောကြားခဲ့သော်လည်း အချို့သော သဘောထားနှင့် စကားအသုံးအနှုန်းများသည် ပိုမိုအစွန်းရောက်လာသည်။
ရွှေ့ပြောင်းနေထိုင်မှုပြဿနာနှင့်စပ်လျဉ်း၍ ထရမ့်က အမေရိကန်နိုင်ငံတောင်ပိုင်း နယ်စပ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများ “ကပ်ဘေးသဖွယ် ကျူးကျော်ဝင်ရောက်မှု” ကို ခုခံရန် စစ်တပ်စေလွှတ်သွားမည်ဟု ဆိုသည်။ ကုန်သွယ်ရေးပြဿနာနှင့် စပ်လျဉ်း၍ ပြည်ပနိုင်ငံများအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းဖြင့် အမေရိကန်နိုင်ငံသားများ ပိုမိုချမ်းသာကြွယ်ဝလာအောင် လုပ်ဆောင်သွားမည်ဟု ထရမ့်က အလေးထားပြောကြားခဲ့သည်။ မက္ကဆီကိုပင်လယ်ကွေ့ကိုလည်း “အမေရိကန်ပင်လယ်ကွေ့” အဖြစ် အမည်ပြောင်းသွားမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အိုဘားမားအစိုးရက ဌာနလူမျိုးစု ဘာသာစကားဖြင့် အမည်ပြောင်းသတ်မှတ်ထားသော အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ရှိ မြောက်အမေရိကတိုက် အမြင့်ဆုံးတောင်၏ “Denali” တောင်အမည်ကို “McKinley” တောင်အဖြစ် ပြန်လည်အမည်ပြောင်းသွားမည်ဟုလည်း ထရမ့်ကဆိုထားသည်။ ထို့ပြင် ပနားမားတူးမြောင်းကို “ပြန်လည်သိမ်းယူ” ကာ အမေရိကန်နိုင်ငံ၏ ပိုင်နက်မြေကို ချဲ့ထွင်သွားမည်ဟုပင် ၎င်းကဆိုသည်။
ထရမ့်က ရွှေ့ပြောင်းနေထိုင်မှု၊ စီးပွားရေး စသည့်ကဏ္ဍများတွင် “အမေရိကန်ဦးစားပေး” မူဝါဒ ပိုမိုအားကောင်းလာနေကြောင်း အမေရိကန်နိုင်ငံ ပီတာဆန် နိုင်ငံတကာစီးပွားရေး သုတေသနဌာန အဆင့်မြင့်သုတေသီ Gary Hufbauer က ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။ “Denali” တောင်အမည်ကို “McKinley” တောင်အဖြစ် အမည်ပြောင်းခြင်းသည် အမှတ်သင်္ကေတဆန်ဆန် လုပ်ဆောင်ချက်သာဖြစ်သော်လည်း ထရမ့်၏ မူဝါဒလားရာကို ထင်ဟပ်နေကြောင်း၊ အမေရိကန်နိုင်ငံ၏ ၂၅ ဦးမြောက်သမ္မတ ဝီလျံမက်ကင်လီ (၁၈၉၇ ခုနှစ်မှ ၁၉၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်) သည် စည်းကြပ်ခွန် ကောက်ခံခြင်းကြောင့် နာမည်ကျော်ကြားရာ ထရမ့်က မိန့်ခွန်းပြောကြားရာတွင်လည်း ဝီလျံမက်ကင်လီ၏ စည်းကြပ်ခွန် ကောက်ခံခြင်းသည် “အမေရိကန်ကို အလွန်ကြွယ်ဝလာစေသည်” ဟု အထူးပြောကြားခဲ့သည်။
သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် နာရီအနည်းငယ်အတွင်းတွင် ထရမ့်က အမိန့်ကြေညာချက်များစွာကို လက်မှတ်ရေးထိုးခဲ့ရာ ၎င်းအနက် အမေရိကန်သည် ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် ရည်ရွယ်သည့် 《ပဲရစ်သဘောတူညီချက်》မှ နောက်ထပ်တစ်ဖန် နုတ်ထွက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ခြင်း စသည်တို့ ပါဝင်သည်။ အဆိုပါလုပ်ရပ်က ထရမ့်သည် ပြည်တွင်းကိုပိုမိုအာရုံစိုက်၍ အမေရိကန်အကျိုးစီးပွား ဦးစားပေးရေးအား ပိုမိုအလေးထားလုပ်ဆောင်မည်ကို အဆိုပါလုပ်ရပ်များက ဖော်ပြနေပြီး ၎င်းမူဝါဒများတွင် တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျစိုးမိုးရေးဝါဒ အရောင်အသွေးများ ပိုမိုပြင်းထန်နေကြောင်း သုံးသပ်သူများက ယူဆကြသည်။
မူဝါဒများစွာ ကျယ်ကျယ်ပြန့်ပြန့်မေးခွန်းထုတ်ခံရ
စတင်တာဝန်ထမ်းဆောင်သည့်နေ့တွင် ထရမ့်က အမိန့်ကြေညာချက်များစွာကို လက်မှတ်ရေးထိုး၍ ယခင်ဘိုင်ဒန်အစိုးရ၏ မူဝါဒပေါင်း ၈၀ နီးပါးကို ပယ်ဖျက်ခဲ့ပြီး တစ်ချိန်တည်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှု မြှင့်တင်ခြင်း၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများကို ကန့်သတ်ခြင်း စသည့် အမိန့်ကြေညာချက်အသစ်များစွာ ထုတ်ပြန်ခဲ့သည်။ ထရမ့်၏ မူဝါဒ အစီအစဉ်ပုံစံသည် တဖြည်းဖြည်း ရှင်းလင်းသဲကွဲလာသော်လည်း ဖော်ဆောင်ရာတွင် အခက်အခဲနှင့် ဥပဒေ အတားအဆီးများစွာနှင့် တွေ့ကြုံရနိုင်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။
ထရမ့်က အဓိကအာရုံစိုက်သည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများနှင့် နယ်စပ်လုံခြုံရေးမူဝါဒနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံ Brookings Institution အဆင့်မြင့်သုတေသီ Darrell West က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ပို့ဆောင်ရာတွင် ကဏ္ဍပေါင်းစုံ၌ အခက်အခဲ ရှိနေသောကြောင့် လက်တွေ့ဖော်ဆောင်ရာတွင် အခက်အခဲ အတားအဆီးများစွာ ရှိနိုင်သည်ဟု ယူဆသည်။ အဆိုပါမူဝါဒကြောင့် အမေရိကန်နိုင်ငံသားများသည် မှားယွင်းစွာ ခွဲခြားသတ်မှတ်ခံရ၍ နှင်ထုတ်ခံရပြီး ထိုမှတစ်ဆင့် ပိုမိုများပြားသည့် အကြမ်းဖက်ဖြစ်ရပ်များ ဖြစ်ပွားလာစေနိုင်သည်ဟု Saint Anselm ကောလိပ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ Christopher Galdieri ကဆိုသည်။ ဒီမိုကရက်တစ်ပါတီက အဓိကအုပ်ချုပ်သောပြည်နယ်နှင့် မြို့များတွင် သက်ဆိုင်ရာမူဝါဒများကို ဆန့်ကျင်ခြင်းကြောင့် အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း၊ တင်းကြပ်လွန်းသည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒကြောင့်လည်း အမေရိကန်တွင် လုပ်သားရှားပါးသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း စသည့်လုပ်ငန်းများအပေါ် ရေရှည်သက်ရောက်မှု ရှိနိုင်သည်ဟုလည်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
စွမ်းအင်အသွင်ပြောင်းမှုကဏ္ဍတွင် 《ပဲရစ် သဘောတူညီချက်》မှ ထပ်မံနုတ်ထွက်ခြင်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သမားရိုးကျစွမ်းအင်များ တူးဖော်မှုကို အားဖြည့်ခြင်းအပြင် ထရမ့်က စွမ်းအင်လုပ်ငန်း ကြီးကြပ်မှုကို သိသိသာသာ လျှော့ချရန် စီစဉ်ထားကာ လျှပ်စစ်ကား ဦးစားပေးမူဝါဒကို ရုပ်သိမ်းမည်ဖြစ်သည်။ အဆိုပါမူဝါဒသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ အပြင်းအထန်ကန့်ကွက်ခြင်း ဖြစ်ပေါ်စေခဲ့သည်ဟု အမေရိကန် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါလုပ်ရပ်သည် ခေတ်ရေစီးကြောင်းနှင့် ဆန့်ကျင်နေပြီး အမေရိကန်ကို “ထပ်မံကြီးမြတ်စေခြင်း” နှင့် ပိုမိုဝေးလံသွားစေမည်ဟုလည်း လေ့လာသုံးသပ်သူများက ထောက်ပြသည်။
ထရမ့်၏ တိုးချဲ့ရေးမူဝါဒမှာလည်း ကြီးမားသော အငြင်းပွားမှု ဖြစ်ပေါ်စေခဲ့သည်။ ထရမ့်က ၎င်း၏ ရာထူးလက်ခံခြင်းအခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သော ပနားမားနှင့် ပနားမားတူးမြောင်းနှင့် ပတ်သက်သည့် ပြောဆိုချက်အပေါ် “လုံးဝငြင်းဆို” ကြောင်း ပနားမားနိုင်ငံ သမ္မတ José Raúl Mulino သည် ဇန်နဝါရီ ၂၀ ရက်က လူမှုမီဒီယာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထရမ့်က မက္ကစီကိုပင်လယ်ကွေ့အတွက် ပြောင်းလဲလိုက်သည့် နာမည်အသစ်ကို အခြားသော နိုင်ငံများက အသိအမှတ်ပြုမည်မဟုတ်ကြောင်း အေပီသတင်းဌာနက ထောက်ပြခဲ့သည်။
လူမှုအသိုက်အဝန်း ခွာပြဲမှုများ ထပ်မံနက်ရှိုင်းလာမည်ကို စိုးရိမ်ရ
ထရမ့်က ရာထူးလက်ခံခြင်းအခမ်းအနား မိန့်ခွန်းတွင် ၎င်းသည် “စည်းလုံးညီညွတ်သူ” တစ်ဦး ဖြစ်လာလိမ့်မည်ဟု ဆိုသော်လည်း အမှန်စင်စစ်တွင် ထိုရာထူးလက်ခံခြင်းအခမ်းအနားက အမေရိကန် ပါတီနှစ်ခု၏ ဆန့်ကျင်ဘက်ရပ်တည်မှုကို တစ်ဆင့်တိုး ထင်ပေါ်စေသည်ဟု လူထုက ယူဆကြသည်။
ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပီလိုစီနှင့် ယင်းမတိုင်မီ ထရမ့်အား “အကြီးအကျယ် တိုက်ခိုက်ပြောဆို” ခဲ့သော သမ္မတဟောင်း အိုဘားမား၏ ဇနီး မစ်ရှဲလ် အိုဘားမားတို့သည် ရာထူးလက်ခံခြင်းအခမ်းအနားကို တက်ရောက်ခြင်း မရှိကြသလို နောက်ထပ် အဓိကနိုင်ငံရေးသများများနှင့် နာမည်ကျော်ပုဂ္ဂိုလ် အများအပြားကလည်း အခမ်းအနားကို တက်ရောက်ခဲ့ကြသော်လည်း နေ့လယ်စာစားပွဲ တက်ရောက်ရန် ငြင်းဆိုခဲ့ကြကြောင်း အမေရိကန်မီဒီယာ အများအပြားက သတင်းထုတ်ပြန်ခဲ့သည်။ ယခုအကြိမ် ရာထူးလက်ခံခြင်း အခမ်းအနားသည် ပကတိသဘောအရ အမေရိကန် ပါတီများ၏ ပြင်းထန်သော ပြိုင်ဆိုင်မှု ဆက်လက်တည်ရှိခြင်းဖြစ်သည်ဟု မက်ဆာချူးဆက် ပြည်နယ်လွှတ်တော် သတင်းဌာနမှ သတင်းထောက် Chris Lisinski က သုံးသပ်ခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်တွင် ထရမ့်သည် “Capitol လွှတ်တော်အတွင်း အဓိကရုဏ်း” ဖြစ်ရပ်မှ အကြမ်းဖက်သမား ၁,၅၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသော သမ္မတအမိန့် ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ သမ္မတဟောင်း ဘိုင်ဒန်ကလည်း ထို့နေရာထူးမှ မထွက်ခွာမီ ထရမ့်အစိုးရ တက်လာပြီးနောက် ၎င်းတို့အား လက်တုံ့ပြန်ခြင်းမှ ကာကွယ်ရန် “Capitol လွှတ်တော်အတွင်း အဓိကရုဏ်း” ဖြစ်ရပ်မှ အောက်လွှတ်တော် အထူးစုံစမ်းရေး ကော်မတီဝင်စသည့် လူအများအပြားကို “ကြိုတင်ကာကွယ်မှု” အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ကြေညာခဲ့သည်။ The New York Times က ယင်းကို “လွတ်ငြိမ်းချမ်းသာခွင့် အနိုင်လုပွဲ” ဟုခေါ်ကာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှစ်ခုသည် “ပါတီနှစ်ရပ်၏ ‘Capitol လွှတ်တော်အတွင်း အဓိကရုဏ်း’ ဖြစ်ရပ်အပေါ် သဘောထားကွဲလွဲမှု သို့မဟုတ် အက်ကြောင်းဖြစ်မှုကို တရားဝင်အတည်ပြုလိုက်သည်” ဟု ယူဆသည်။
ပါတီနှစ်ရပ်ကြား ပြင်းထန်သော ပြိုင်ဆိုင်တိုက်ခိုက်မှုများက အမေရိကန်လူ့အဖွဲ့အစည်းနှင့် ပြည်သူ့သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာစေခဲ့သည်။ ရာထူးလက်ခံခြင်းအခမ်းအနား မတိုင်မီ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဝါရှင်တန် လမ်းမများပေါ်တွင် ရာသီဥတု၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ပတ်သက်သော ကိစ္စရပ်များတွင် ထရမ့်၏ ရပ်တည်ချက်ကို ဆန္ဒပြခဲ့ကြသည်။ တစ်ချိန်တည်းနီးပါးတွင်ပင် ထရမ့်ထောက်ခံသူများက ဝါရှင်တန် အထူးဇုန်အတွင်းရှိ Capital One Arena အားကစားရုံတွင် စုဝေးပြီး ရာထူးလက်ခံခြင်းအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြရာ ၎င်းပတ်ဝန်းကျင်မှာ စည်ကားသည့်အငွေ့အသက်များ ရှိပေသည်။ ပြည်သူ့သဘောထား ဆန့်ကျင်ဘက်ဖြစ်မှု ပြင်းထန်လာခြင်းမှ ဖြစ်လာမည့် လုံခြုံရေးအန္တရာယ်အလားအလာကို တားဆီးရန် ဝါရှင်တန် အာဏာပိုင်များက မြို့တွင်း၌ ၅၀ ကီလိုမီတာခန့်ရှည်သော ကြီးမား မြင့်မားသော အကာအရံများ တည်ဆောက်ခဲ့သည်။
Ipsos Public Affairs ကုမ္ပဏီ၏ ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်သော ပြည်သူ့သဘောထားစစ်တမ်းတွင် ဖြေဆိုသူ ၅၁ ရာခိုင်နှုန်းခန့်က ထရမ့်၏ ဒုတိယအကြိမ် ရာထူးသက်တမ်းအပေါ် စိုးရိမ်ကြောင်း သို့မဟုတ် အဆိုးမြင်ကြောင်း ဖြေဆိုခဲ့ကြပြီး အခြားဖြေဆိုသူ ၄၇ ရာခိုင်နှုန်းမှာ စိတ်အားတက်ကြွကြောင်း သို့မဟုတ် အကောင်းမြင်ကြောင်း ဖြေဆိုခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။ ထရမ့်၏ စီးပွားရေး၊ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ ထိရောက်မှုရှိမည်/မရှိမည်အပေါ် အမေရိကန်ပြည်သူလူထုတွင်လည်း ပိုမိုကြီးမားသော သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထရမ့်အနေဖြင့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခြင်းသည် အမေရိကန်၏ နိုင်ငံရေးအစွန်းရောက်မှု ပိုမိုဆိုးရွားလာမည်၊ လူမှုအသိုက်အဝန်း ခွာပြဲမှုများ ထပ်မံနက်ရှိုင်းလာမည်ကို အမေရိကန်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန် စိုးရိမ်ကြသည်။
Ref - Xinhua
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment