နေပြည်တော်၊ ဇန်နဝါရီ ၁၇
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ် - ၁၉ ချေးငွေကျပ်ဘီလီယံ ၂၀၀ မှ နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေသို့ ငွေကျပ် ၅၀ ဘီလီယံနှင့် အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ် ၁၅၀ ဘီလီယံမှ ငွေကျပ် ၆၈ ဘီလီယံ စုစုပေါင်း ငွေကျပ် ၁၁၈ ဘီလီယံ ကို ပြန်လည်ကောက်ခံပြီးစီးမှုနှင့် နိုင်ငံတော်သို့ ငွေပြန်လည်ပေးသွင်းမှုအခြေအနေ၊ ပြန်လည်ပေးဆပ်ဆဲနှင့်ပေးဆပ်ရန် ကျန်ရှိနေသည့် ချေးငွေများကို စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကိုဗစ်- ၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများသည် ၂၀၂၅ ခုနှစ်အတွင်း ခွင့်ပြုပေးထားသည့် ချေးငွေသက်တမ်းပြည့်မြောက်တော့မည်ဖြစ်၍ ပြန်လည်ပေးဆပ်ရန် ကြိုတင်အသိပေး အကြောင်းကြားစာ ထုတ်ပြန်အကြောင်းကြားရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ချေးငွေများ ပြန်လည်ကောက်ခံရရှိမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ချေးငွေကောက်ခံပေးသွင်းရန် ကျန်ရှိမှု၊ မြန်မာ့စီးပွားရေးဘဏ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့များနှင့် ပုဂ္ဂလိကဘဏ်များမှ ချေးငွေကောက်ခံပေးသွင်းရန် ကျန်ရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအပေါ် ဆောင်ရွက်ထားရှိမှု၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည်ကောက်ခံ ရရှိရေးအစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ ဌာန ဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment