စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပြောကြား


နေပြည်တော်၊ ဇန်နဝါရီ ၂၈

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတည်ထောင်ခြင်း (၂၁) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က ရေဆင်းရှိ အဆိုပါဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ အငြိမ်းစားသုတေသနပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဒေသသုတေသနခြံများမှ သုတေသီများနှင့်ပညာရှင်များက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော် အစိုးရက မူဝါဒများ ပြင်ဆင်ချမှတ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းတို့ကို ခေတ်နှင့်အညီဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများသည် အခြေခံအရေးပါသည့် လုပ်ငန်းများဖြစ်သည့်အတွက် မိမိတို့၏ သုတေသနလုပ်ငန်းများကို နိုင်ငံတော်မှချမှတ်ထားသည့် မျှော်မှန်းချက်များနှင့်အညီဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း၊ ထို့အတူ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး သုတေသနလုပ်ငန်းများကို ဆန်းသစ်တီထွင်မှု (Innovation) ရှိကြရန်နှင့် တောင်သူလယ် သမားများကိုယ်တိုင် ပူးပေါင်းပါဝင်သည့် (Farmers Participatory Research) သုတေသနလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် လှုပ်ရှားမှုဗီဒီယိုမှတ်တမ်းကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အောင်နိုင်တိုးစပါးမျိုးသစ် ထုတ်လုပ်နိုင်မှုအတွက် ဝန်ထမ်းများကို လက်ဆောင်ပစ္စည်းပေးအပ်ကြပြီး သုတေသနစွမ်းဆောင်ရည်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရေး၌ အဓိကသော့ချက်ဖြစ်သည့် စိုက်ပျိုး‌ရေးသုတေသနလုပ်ငန်းကို လွတ်လပ်ရေးမတိုင်မီ ၁၉၀၈ ခုနှစ်ခန့်မှစ၍ စိုက်ပျိုးနည်းစနစ် သုတေသနလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်ကို မှတ်တမ်းများအရ သိရှိရပြီး ၁၉၅၄ ခုနှစ် ဇွန် ၂၂ ရက်တွင် အင်းစိန်မြို့နယ် ကြို့ကုန်း၌ စိုက်ပျိုးရေးသုတေသန ဗိမာန် (Agricultural Research Institute - ARI) အမည်ဖြင့် တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ရာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးသုတေသနလုပ်ငန်းဆောင်ရွက်ခဲ့မှုမှာ နှစ်ပေါင်း (၇၁) နှစ် တိုင်ခဲ့ပြီဖြစ်သည်။

နောက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲများက စပါးအပြင် ယာသီးနှံများကိုပါ သုတေသနပြုလုပ်သင့်ကြောင်း လမ်းညွှန်ချက်အရ ၁၉၇၁ ခုနှစ်တွင် ပျဉ်းမနားမြို့နယ် ရေဆင်းနယ်မြေကိုရွေးချယ်ပြောင်းရွှေ့ခဲ့ကာ မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ၁၉၉၀ ပြည့်နှစ်တွင် ဗဟိုစိုက်ပျိုးရေးသုတေသနဌာန (CARI) အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) အဖြစ် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်လည်းကောင်း အဆင့်ဆင့်မြှင့်တင်ဖွဲ့စည်းခဲ့ရာ ယနေ့တွင် စိုက်ပျိုး ရေးသုတေသနဦးစီးဌာနအဖြစ် ရပ်တည်လာခဲ့သည့် နှစ်ပေါင်း (၂၁) နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။


#MNP #News #Naypyitaw #Yezin

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)