လွိုင်ကော်၊ ဇန်နဝါရီ ၁၂
ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများ ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသ ကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ခင်းကျင်း ပြသထားသည့် ဗဟိုပြခန်း၊ MSME ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုပြခန်းများ၊ ကယားရိုးရာ အစားအစာနှင့် ရိုရာအဝတ်အထည်ပြခန်းများကို လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာပြခန်းတာဝန်ခံများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ကယားပြည်နယ်၏ MSMEထွက်ကုန်များဖြစ်သော ကယားဝက်အူချောင်း၊ မက်ခါသီးထောင်း၊ အစေ့ထုတ်ပြောင်းနှင့် ကယားရိုးရာအထည် ရက်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု သရုပ်ပြရှင်းလင်းတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး အစားအသောက်၊ အဝတ်အထည်များ၏ ထုပ်ပိုးမှုပုံစံများ၊ အရည်အသွေး ယခုထက်ပိုမိုကောင်းမွန်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားပြီး လုပ်ငန်းရှင်များနှင့် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာနှင့် MSME ပြခန်း ၁၆ ခန်း၊ ကယားရိုးရာ အစားအစာနှင့် ရိုးရာအဝတ်အထည်အရောင်း ဆိုင်တို့အား ခင်းကျင်းပြသလျက်ရှိပြီး ပွဲတော်ကာလတစ်လျှောက် နေ့စဉ်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment