စစ်တွေ၊ ဇန်နဝါရီ ၁၈
MSME လုပ်ငန်းကော်မတီကကြီးမှူး၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီလအတွင်း နေပြည်တော်၊ တပေါင်းကွင်းတွင် ကျင်းပသွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ အဆိုပါပြပွဲတွင် ပါဝင်ပြသနိုင်ရေး MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လာရောက်ပြသမည့် ထုတ်ကုန်များအနေဖြင့် ဒေသတွင်းကုန်ကြမ်းသုံး ထုတ်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံထုတ်ကုန်များ၊ ပြည်ပပို့ကုန်ပစ္စည်းများ၊ OROP ထုတ်ကုန်များအား ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားကာ အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိဒေသအတွင်း ထုတ်ကုန်များဖြစ်သော မွေးမြူရေးထုတ်ကုန်များ၊ ရေလုပ်ငန်းနှင့်ပတ်သက်သည့် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ပြီး သွင်းကုန်အစားထိုးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဝင်ငွေတိုးတက်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ရာ ကဏ္ဍအလိုက် အောင်မြင်ရေးအတွက် ကော်မတီတွင်ပါဝင်သည့် ဌာနများ အနေဖြင့် အားလုံးပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြစေလိုကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲသို့ သွားရောက်ပြသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်း ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပေးကြစေလိုကြောင်းနှင့် မိမိဒေသထုတ်ကုန်များကို MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် ဒေသထွက်ကုန်များကို လူသိများလာပြီး ဈေးကွက်ရရှိလာမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင် ရခိုင်ပြည်နယ်ပြခန်း၌ ဒေသထွက်ကုန်များကို အမျိုးအစားစုံလင်စွာ ပြသနိုင်ရေး၊ ပြသသောပစ္စည်းများ၏ အရည်အသွေးကောင်းမွန်မှုရှိစေရေးနှင့် ပြခန်း၏အတွင်းအပြင် ဒီဇိုင်းဖန်တီးမှု ကောင်းမွန်စေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသနိုင်ရေး ဆောင်ရွက်သွားရမည့်အစီအမံများနှင့် ယခင်ပြပွဲ၊ ပြိုင်ပွဲများတွင် ပြည်နယ် ကိုယ်စားပြုပါဝင်ပြသခဲ့မှုများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများတွင် မိမိတို့ဌာနအလိုက်ပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment