ပုသိမ်၊ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း ဒုတိယသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ (နေကြာ)စံပြစိုက်ခင်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူဦးဝင်းဗိုလ်အပါ(၇)ဦး၏ ဆီထွက်သီးနှံ(နေကြာ) စံပြကွက်(၁၀)ဧကတွင် Super Sun 41 နှင့် ဆင်းရွှေကြာ(၂) နေကြာ စိုက်ပျိုးထားမှုများ ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ် မကျရောက်စေရေး၊ ပျားပုံးများထားရှိမှု၊ အပင်ကြီးထွားနှုန်းနှင့် အောင်စေ့ပါဝင်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်း အောင်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီချုပ်နှင့်အဖွဲ့သည် ကြာဖြူကျေးရွာရှိ တောင်သူ ဦးရွှေပွား၏ လယ်မြေတွင် ဒုတိယသီးနှံ ပဲတီစိမ်း (၈၀)ဧက ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးကာ ယခင်နှစ်များနှင့် ယခုနှစ် ပဲအထွက်နှုန်းတိုးတက်မှုများအား မေးမြန်းခဲ့ပြီး အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်နှင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက် အောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာဖြူကျေးရွာအုပ်စု၊ ကျုံတုံး ကျေးရွာ တောင်သူ ဦးဝင်းဗိုလ်၏ ကွင်းအမှတ်(၁၀၀၀/ဃ)(၁၇/၃)ရှိ စိုက်ဧက (၀.၃၀)ဧကနှင့် ကွင်းအမှတ်(၉၉၉/ဃ)(၈/၃)ရှိ စိုက်ဧက(၀.၆၀)ဧကတွင် ဆီထွက်သီးနှံနေကြာ ရုရှားမျိုး(၉)မျိုး မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ပင်ကြား (၉)လက်မ၊ တန်းကြား(၂)ပေ စိုက်ပျိုးထားရှိမှု၊ မြေကြမ်း(ရွှံ့စေးမြေ)ပေါ်တွင် စိုက်ပျိုးထားရှိမှု၊ ဘောင်တင်သားခွဲချိန်တွင် ယူရီးယားမြေဩဇာများ အချိန်ကိုက်ထည့်သွင်းမှု၊ မျိုးအလိုက် နေကြာသီးနှံ အောင်မြင်ဖြစ်ထွန်းမှု၊ အောင်စေ့ပါဝင်မှု၊ အပင်ကြီးထွားမှုနှုန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယှဉ်ပြိုင်စမ်းသပ်ကွက်အလိုက် အထွက်နှုန်းများကို စနစ်တကျမှတ်တမ်းထားရန်၊ ရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှု မရှိစေရေးဆောင်ရွက်ကြရန်၊ အထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များအား တောင်သူများ စိုက်ပျိုးနိုင်စေရေး အသိပညာပေးရန်နှင့် တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် ဗျိုက်ကြီး ကျေးရွာအုပ်စု ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင် ၈၈/၃ မိုင် မှ ၈၉/၄ မိုင်အတွင်း ကားလမ်းဘေး ဝဲယာမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ယခုကဲ့သို့ မြောင်းတူးဖော်ပေးခြင်းဖြင့် မြောင်းဘေးဝဲယာရှိ တောင်သူများ၏ စိုက်ပျိုးဧက(၈၀)ဧကကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေး၊ ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေးအတွက် အထွက်တိုး မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် ကြဲခင်းစနစ်များ လျော့နည်းပပျောက်အောင် ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
#MNP #News
https://t.me/MyanmarNationalPost
No comments:
Post a Comment