နေပြည်တော်၊ ဖေဖော်ဝါရီ ၈
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပြည်ထောင်စုနယ်မြေ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယမန်နေ့က နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယင်းလူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်း အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်ကာ ပြည့်စုံမှန်ကန်သည့်မဲစာရင်းကို ပြုစုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့နှိုင်းယှဉ်သုံးသပ်မှုများအရ ရရှိလာသည့် အတည်ပြုလူဦးရေစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရာတွင် အချက်အလက်ကွဲလွဲမှုနှင့်မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့်မပါရှိမှုများ မဖြစ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှ စနစ်တကျတိုက်ဆိုင် စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျပြန်လည်စိစစ် အတည်ပြုကာ သတ်မှတ်ရက်အရောက်ပေးပို့ကြရန် လိုအပ်ပါကြောင်း။
ယခုအခါ ဒေသအချို့၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာနေထိုင်မှု များရှိနေကြပြီး ပြည်ထောင်စုနယ်မြေ (နေပြည် တော်) အတွင်း၌လည်း အခြားဒေသအချို့မှ ယာယီရွှေ့ပြောင်းနေထိုင်မှုများရှိနေသည့်အတွက် ယင်းတို့ ၏ စာရင်းအချက်အလက်များ တိကျမှန်ကန်စွာ ရရှိရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်း နေထိုင်သူများနှင့်ပတ်သက်၍ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင်ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန်ဆက်စပ်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည့်စုံပြီး တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိနိုင်မည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသား ကတ်ပြားကိုင်ဆောင် မဲပေးနိုင်ကြမည်ဖြစ်သည့်အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီ လက်ညီဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေး၊ ပြည့်စုံမှန်ကန် ရေးအတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက် အဆင့် (၃) လျာထား သတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီ ရွှေ့ပြောင်းနေထိုင်လာသူများကို စာရင်းကောက်ယူပြုစုဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများကလုပ်ငန်းများ အောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (မိုးစွေ) သို့ သွားရောက်၍ အဆိုပါကျောင်း ဘုရင့်နောင်ဆောင်၌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဥတ္တရသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်ပြည့်မီသည့် ကျောင်းသား ကျောင်းသူများ၊ နယ်မြေခံတပ်နယ်မှ မိသားစုဝင်များနှင့် မိုးစွေကျေးရွာမှ ဒေသခံပြည်သူများ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုးစွေ ကျေးရွာရှိ ဥတ္တရရာမတပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တနန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment