တရားစီရင်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားစီရင်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး မှာကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုတရားသူကြီးချုပ်သည် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်တရားရုံးများမှ တရားသူကြီးချုပ်များ၊ တရားသူကြီးများကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ၍ မှာကြားသည်။

ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက တရားစီရင်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားရုံးစီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ကြရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အချုပ်တရားခံပါ အမှုများကို ကြန့်ကြာမှုမရှိစေဘဲ စစ်ဆေးကြရန်နှင့် ခံဝန်အမှုများကိုလည်း ပြီးသင့်ပြီးထိုက်သည့်အချိန်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်သည့် အမှုများကိုလည်း ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားပြီး ဖြစ်သော မူပိုင်ခွင့်ဥပဒေအားလုံး သည် အာဏာသက်ရောက်ပြီးဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေ ချိုးဖောက်၍ စွဲဆိုလာမှုများကို မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးစီရင်ဆုံးဖြတ်ကြရန်ဖြစ်ကြောင်း။

အာဆီယံဒေသတွင်း တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံနှင့် မိတ်ဖက် နိုင်ငံများမှ တရားသူကြီးများကို ဖိတ်ခေါ်၍ သင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ လက်ခံ ကျင်းပနိုင်ရန်နှင့် တရားသူကြီးများ၊ တရားရေးအရာရှိများ၏ စွမ်းဆောင်ရည် တိုးတက်စေရေး အတွက် လေ့ကျင့်ပျိုးထောင်နိုင်ရန် ရည်ရွယ်ပြီး Judicial College အဆောက်အအုံကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရာတွင် AI နည်း ပညာရပ်သည် ချန်လှပ်ထား၍ မရသည်ကို သတိချပ်ကြရန်လိုကြောင်းနှင့် AI နည်းပညာကို လက်လှမ်းမီရန်၊ အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်လေ့လာထားကြရန်လိုကြောင်း၊ ထို့ကြောင့် တရား သူကြီးများသည် တရားစီရင်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရုံမျှဖြင့် လုံလောက်ပြီဟုဆိုနိုင် မည်မဟုတ်ဘဲ ပြောင်းလဲနေသည့်ခေတ်ကို မျက်ခြည်မပြတ်လေ့လာ၍ ခေတ်နှင့်အညီ မိမိ၏ ကိုယ်ပိုင်အရည်အချင်းများ တိုးတက်မြင့်မားရေးကိုလည်း အလေးပေးဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ တတိယနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၅) အောင်မြင်စေရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ကို ချမှတ်၍ အကောင်အထည်ဖော် လျက်ရှိရာ ယင်းမဟာဗျူဟာတွင် သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက တာဝန်ခံဆောင်ရွက်ရမည့်အချက်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တာဝန်ခံဆောင်ရွက်မည့် အစီအစဉ်များနှင့် သတင်းပို့အဖွဲ့ အစည်းများက ပူးပေါင်းပါဝင်ရမည့်အချက်များ ပါရှိသဖြင့် လေ့လာဖတ်ရှုကြပြီး ဆက်လက်၍ အသိပညာမျှဝေကြရန် တိုက်တွန်းလိုကြောင်း မှာကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)