Solar စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဒေသအလိုက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Solar စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဒေသအလိုက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြောကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ် (National Grid) နှင့်ချိတ်ဆက်၍ ဓာတ်အားထုတ်လုပ်သည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ စုစုပေါင်း တပ်ဆင်အင်အား ၆၅၂၀ မဂ္ဂါဝပ်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စွမ်းအင်အမျိုးအစား ပါဝင်မှု၌ ရေအားလျှပ်စစ်မှ ၅၀ ရာနှုန်း၊ သဘာဝဓာတ်ငွေ့မှ ၄၃ ရာနှုန်း၊ ကျောက်မီးသွေးမှ ၂ ရာနှုန်း၊ ဆိုလာမှ ၄ ရာနှုန်းနှင့် ဒီဇယ်မှ ၁ ရာနှုန်းတို့ကို ထုတ်လုပ်လျက်ရှိပါကြောင်း၊ ယင်းတွင် နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှစ်ရုံရှိပြီး စုစုပေါင်းတပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်ရှိပါကြောင်း၊ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၅ ရာနှုန်းခန့် တိုးတက်လျက်ရှိသဖြင့် လက်ရှိ အချိန်အထိ လျှပ်စစ်ဓာတ်အားရရှိမှုအချိုး (Electrification Ratio) ၆၈ ဒသမ ၆၉ ရာနှုန်းကျော် ရရှိသုံးစွဲနေပြီဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုကို ကာမိစေရန် တည်ဆောက်ဆဲစီမံကိန်း ၁၀ ခုမှ စုစုပေါင်းတပ်ဆင် စက်အင်အား ၁၀၂၆ မဂ္ဂါဝပ်ရှိသော်လည်း အခက်အခဲများကြောင့် အကောင်အထည်ဖော်မှု နှောင့်နှေးနေပါကြောင်း။

ထို့ပြင် အကူအညီ/ အထောက်အပံ့အနေဖြင့် တရုတ်နိုင်ငံမှ ၁ ဘီလီယံဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း လေးခု၊ စုစုပေါင်း ၁၉၀ မဂ္ဂါဝပ် တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အလားတူပင် အိန္ဒိယနိုင်ငံ၏ အမေရိကန်ဒေါ်လာ နှစ်သန်းထက် မပိုသော အသေးစားဖွံ့ဖြိုးမှုစီမံကိန်းအောက်မှ နေပြည်တော်ဗဟို သင်တန်းကျောင်းအဆောက်အအုံတွင် Rooftop နှင့် Ground Mounted Solar ၇၀၀ ကီလိုဝပ် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ မြန်ဆန်စွာ အကျိုး ဖြစ်ထွန်းစေမည့် စီမံချက်အောက်မှ စီမံကိန်းတစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀၀ ဖြင့် ဆောင်ရွက်နိုင်မည့် နေပြည်တော် ဗဟိုသင်တန်းကျောင်းအဆောက်အအုံတွင် Rooftop Solar ၂၅ ကီလိုဝပ်နှင့် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ရုံးအဆောက်အအုံတွင် ၂၅ ကီလိုဝပ်တို့ကို ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် အိန္ဒိယနိုင်ငံဘက်သို့ အဆိုပြုထားရှိပါကြောင်း၊ NREC ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရေးနှင့် Green Growth ၊ Green Energy ၊ Green Economy ဖြစ်စေရေးတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ခွင့်ရရှိနေခြင်းလည်းဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအတွင်း Solar စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဒေသအလိုက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် NREC ကော်မတီ၏ အနာဂတ်ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးကို ကော်မတီဝင်များ၏ ဆွေးနွေးမှုများမှ ကောင်းမွန်သောရလဒ်များ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် NREC အထောက် အကူပြု လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)