ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး





လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ရှုခင်းသာပန်းခြံဆောင်ရွက်ထားရှိမှု၊ အခြေခံပညာကျောင်းများတွင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များနှင့် ဘောလုံးကွင်းများဆောင်ရွက်နေမှု၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မော်တော်ယာဉ်ရပ်နားစခန်းဖွင့်လှစ်ရန် ပြုပြင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဘီလူးချောင်းကမ်းနား လွိုင်ကော်-လောပိတလမ်း ဘေးတစ်လျှောက်တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူနိုင်ရန် ဖွင့်လှစ်ထားရှိသည့် ရှုခင်းသာပန်းခြံသို့ရောက်ရှိကာ ပန်းဥယျာဉ်အတွင်း အလှပန်းပင်များ စိုက်ပျိုးထားမှုနှင့် View Point ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပန်းအလှပင်များ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် အမြဲစိမ်းလန်းစိုပြည်ရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး လွိုင်ကော်-လောပိတ လမ်းဘေးတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများ၏ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် အ.ထ.က (ခွဲ) နမ့်ကွတ်ကျောင်းသို့ ရောက်ရှိကာ (၄) ခန်းတွဲ (၁) ထပ် ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာအား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အပြီးသတ်ဆောင်ရွက်နေမှု အခြေအနေ၊ ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေး၊ ဝန်ထမ်းများ စနစ်တကျနေရာချထားရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က (၇) ကျောင်းသို့ရောက်ရှိကာ ကျောင်းဝန်းအတွင်း ဘောလုံးကွင်းအဆင့်မြှင့်တင် ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မင်းကျောင်းကန်များတွင် ဆောင်ရွက်ထားသည့် မြေယာရှုခင်းများအား ကြည့်ရှုစစ်ဆေးပြီး ကန်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ပြည်သူများ အပန်းဖြေနားနေနိုင်ရေး ဆောင်ရွက်သွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက် လွိုင်ကော်-ဟိုပုံး လမ်းမကြီးဘေးတွင် ပြည်နယ်အဝေးပြေးယာဉ်ရပ်နားစခန်း (ယာယီ) ဖွင့်လှစ်နိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ခရီးသွားပြည်သူများ စနစ်တကျလုံခြုံစိတ်ချစွာ နားနေနိုင်ရေး၊ မော်တော်ယာဉ်လိုင်းများ စနစ်တကျနေရာချထားရေး၊ စားသောက်ဆိုင်တန်းများ စနစ်တကျ နေရာချထား ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ဝင်/ထွက်လမ်းများ ကောင်းမွန်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)