ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း (အပိုင်း ၄) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း (အပိုင်း ၄)


ကိုယ်ပိုင်ဉာဏ်

ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားကြည့်။ ဗုဒ္ဓမြတ်စွာ က လက်တွေ့လုပ်လို့ရတဲ့ တရားကို ဟောတာနော်။ စိတ်ကူးယဉ်ပြီးတော့ မျှော်မှန်းရရုံ သက်သက်မဟုတ် ဘူး။ ဒီကနေ့ လုပ်နေတဲ့လုပ်ရပ်သည် မနက်ဖြန်ခါ အကျိုးဖြစ်ဖို့၊ ဆိုပါစို့- ဒီလမ်းလျှောက်ရင် ဒီစခန်း ရောက်မယ်ဆိုတာ သိထားပြီးသားပဲလေ။ လမ်းကြောင်း ပေါ်မှာလျှောက်နေရင် ထိုလမ်းကြောင်းအတိုင်း မှန်မှန် သာလျှောက်၊ လျှောက်နေမယ်ဆိုရင် စခန်းကို မြင်ရ သည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ လမ်းကြောင်းမှန်ရင် ထိုစခန်းကို ရောက်မှာသေချာတယ်။

ဆိုပါစို့- ရွှေတိဂုံဘုရားကိုသွားမယ်၊ ရွှေတိဂုံ ဘုရားကို ဦးတည်နေတဲ့ လမ်းမကြီးပေါ်မှာသာ လျှောက်၊ ရောက်ကိုရောက်သွားမှာပဲ။ အေး ပြောင်းပြန် တော့ မလျှောက်နဲ့။ မရောက်နိုင်တဲ့လမ်းလည်း မလျှောက်နဲ့။ မရောက်တဲ့လမ်းလျှောက်မယ် ပြောင်းပြန်လျှောက်မယ်ဆိုရင်တော့ ရွှေတိဂုံဘုရား ရောက်မှာ မဟုတ်ဘူး။ ဒါတွေက လက်တွေ့ကြတာမို့ ငြင်းပယ်လို့ ရတဲ့ အရာမဟုတ်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက ကေသမုတ္တိရွာက လူတွေကို လက်တွေ့ကျကျ ကိုယ်ပိုင်ဉာဏ် အသုံးချ တတ်ဖို့ ဒီသုတ္တန်ကို ဟောတာ။ ဒီသုတ္တန်ဟာ လူတိုင်း အတွက် ဘဝခရီးလမ်းညွှန် guide line တစ်ခုပဲ၊ road map လို့ ပြောချင်ပြောနိူင်တယ်။ ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း ဆိုတာကို ဒီသုတ္တန်မှာ ဟောပြ ထားတာ။

မြတ်စွာဘုရားက ဆက်ပြီး ရှင်းပြတယ်။ အေး ဒီလို သံသယဖြစ်နေတယ်ဆိုရင် ငါပြောမယ်တဲ့။


မာ အနုဿဝေန

၁၊ မာ အနုဿဝေန = အမှန်တရားကို ရှာတဲ့ အခါမှာ တဆင့်ကြားစကားပေါ် အခြေခံပြီးတော့ မရှာနဲ့။ ဟိုလူပြောတာ ဒီလူပြောတာ ဆိုတဲ့ တဆင့် ကြားစကား (hearsay) တွေအပေါ်မှာ အခြေခံ ပြီးတော့ အမှန်တရားကို မရှာနဲ့။ တဆင့်ကြားစကား ဆိုတာ မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်။ မသေချာဘူး။


မာ ပရမ္ပရာယ

၂၊ မာ ပရမ္ပရာယ= အစဉ်အလာ ကျင့်သုံးလာတဲ့ အချက် အစဉ်အလာ ယုံကြည်ထားတဲ့ အချက်တွေ အပေါ် အခြေခံပြီးတော့လည်း အမှန်တရားကို မရှာနဲ့။ ဘာဖြစ်လို့တုန်းဆိုရင် tradition လို့ဆိုတဲ့ အစဉ်အလာ ကျင့်သုံးလာတဲ့ လက်ခံလာတဲ့အချက်ဟာ မှန်တာ လည်းရှိတယ်။ မှားတာလည်းရှိတယ်။ သေချာပေါက် အမှန်လို့ချည်း မပြောနိုင်ဘူး။ ဒါကြောင့်မို့ အဲဒါနဲ့ အမှား အမှန်ကိုမရှာနဲ့။


မာ ဣတိကိရာယ

၃၊ မာ ဣတိကိရာယ = တစ်ဦးတစ်ယောက်က လာပြီး ဒါက ဒီလိုပါလို့ဆိုပြီး တင်ပြချက်ကို အခြေခံ ပြီးတော့လည်း အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။ သူပြောတဲ့ report ဟာ မှန်ရင်လည်း မှန်မယ်။ မှားရင် လည်းမှားမယ်။ မသေချာဘူး။


မာ ပိဋကသမ္ပဒါနေန

၄၊ မာ ပိဋကသမ္ပဒါနေန တဲ့။ ကိုယ်သင်ထားတဲ့ စာပေနဲ့ ကိုက်ညီတယ် ဆိုရုံနဲ့လည်း မှန်တယ်လို့ မဆုံး ဖြတ်နဲ့ဦး။ စာထဲမှာ ဒီအတိုင်းပါတာပဲ။ စာအုပ်ထဲမှာ ဒီလို ရေးထားတယ်ဆိုတာနဲ့လည်း အမှန်တရားကို မဆုံး ဖြတ်နဲ့။ ဘာဖြစ်လို့လည်းဆိုရင် စာအုပ်ထဲမှာ ရေးထား တယ်ဆိုပေမဲ့ မှားရင်လည်းမှားမယ်။ မှန်ရင်လည်း မှန်မှာပေါ့။ ပြောလို့ရမလား။ မရဘူး။


ဆက်လက်ဖော်ပြပါမည်

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

#MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)