လှည်းကူးမြို့ရှိ ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံဖြိုးရေးဗဟိုဌာန၌ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေး နည်းပညာပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့ရှိ ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံဖြိုးရေးဗဟိုဌာန၌ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေး နည်းပညာပြပွဲ ကျင်းပ











လှည်းကူး၊ ဖဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ရှိ ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး နည်းပညာပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး နည်းပညာပြပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တက်ရောက်လာသည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ တောင်သူများအနေဖြင့် ရရှိလာသည့် စိုက်ပျိုးနည်းပညာများအား ဒေသခံတောင်သူများအား ပြန်လည်ဖြန့်ဝေပေးသွားနိုင်ရေးနှင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်း(၄)သွယ် ကောင်းမွန် ပြည့်စုံစေရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများ၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရာသီမရွေး ရေစီးဆင်းနေသည့် မြစ်/ ချောင်းများတွင် သဘာဝရေစီးအားကိုအသုံးပြု၍ ရေတင်စနစ်(Water Wheel) ဖြင့် စပါးနှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိးထုတ်လုပ်နေမှုနှင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲပေးနိုင်ခဲ့မှုကြောင့် နွေစပါးအပါအဝင် အဓိကသီးနှံ(၁၀)မျိုးအနက် ပန်းတိုင်အထွက်နှုန်း(၇)မျိုး ထွက်လျက်ရှိသည့် အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က စိုက်ပျိုးရေရှိရေး ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် စိုက်ပျိုးရေအား စနစ်တကျ အလေအလွင့်မရှိ သုံးစွဲနိုင်ရေး တက်ရောက်လာသည့် တောင်သူများအား အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ ထုတ်လုပ်ပေးလျက်ရှိသည့် အဆင့်မြင့်ဒေသမျိုးဟင်းသီးဟင်းရွက် မျိုးစေ့များ၊ ကုမ္ပဏီများမှ ခင်းကျင်းပြသ ထားသည့် ဟင်းသီးဟင်းရွက်သစ်သီးဝလံ မျိုးစေ့များနှင့် သွင်းအားစုဆိုင်ခန်းပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။ 

၎င်းနောက် ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ ဒေသမျိုး ဟင်းသီးဟင်းရွက် သစ်သီဝလံများအား Green House စနစ်ဖြင့် စိုက်ပျိုးထားရှိမှုနှင့် စံပြဟင်းသီး ဟင်းရွက် မျိုးစေ့ထုတ်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)