ထိန်းသိမ်းထားသူများကို ဟားမက်စ် ပြန်မလွှတ်လျှင် အပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်သည်ဟု ထရမ့်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိန်းသိမ်းထားသူများကို ဟားမက်စ် ပြန်မလွှတ်လျှင် အပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်သည်ဟု ထရမ့်ဆို


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁ 

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမတိုင်မီ ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးသင့်ကြောင်း၊ သို့မဟုတ်ပါက ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အတွက် ပြောရမယ်ဆိုရင် ထိန်းသိမ်းခံထားရသူတွေ အားလုံး ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီ မတိုင်မီ မလွတ်မြောက်ခဲ့ဘူးဆိုရင်… ဒါ (ဂါဇာအပစ်ရပ်ရေးသဘောတူညီချက်) ကို ဖျက်သိမ်းပြီး… ဆိုးရွားတဲ့ကိစ္စ အားလုံး ဖြစ်ပါလေ့စေပေါ့” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နောက်ဆုံး အစ္စရေးဘက်ကပင် အဆုံးအဖြတ်လုပ်ရမှာ ဖြစ်ကြောင်း တစ်ချိန်တည်းတွင် ၎င်းက ပြောကြားခဲ့သည်။

အပစ်ရပ်ရေးသဘောတူညီချက်ကို အစ္စရေး ချိုးဖောက်သည်ဟု အပြစ်တင် စွပ်စွဲကာ မူလက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း ဟားမက်စ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ထရမ့်က အကယ်၍ ဂါဇာကမ်းမြောင်မှ ရွှေ့ပြောင်းလာသည့် ပါလက်စတိုင်းသားများကို ဂျော်ဒန်နှင့် အီဂျစ် နိုင်ငံတို့က လက်မခံလျှင် ၎င်းအနေဖြင့် ယင်းနှစ်နိုင်ငံအပေါ် ကူညီပံ့ပိုးမှုများ ယာယီရပ်တန့်နိုင်သည်ဟု ပြောကြားခဲ့ပေသေးသည်။ ထရမ့်အနေဖြင့် အမေရိကန်သို့ လာရောက်လည်ပတ်မည့် ဂျော်ဒန်ဘုရင် Abdullah II နှင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

Fox News ချန်နယ်၏ ဖေဖော်ဝါရီ ၁၀ ရက် ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ထရမ့်က ၎င်းအနေဖြင့် ပါလက်စတိုင်းသားများအား လက်ခံရေးတွင် ဂျော်ဒန်၊ အီဂျစ် တို့နှင့် သဘောတူညီချက်ရမည် ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းသားများအနေဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ ပြန်သွားပိုင်ခွင့် ရှိမရှိကို သတင်းထောက်က မေးမြန်းရာတွင် ထရမ့်က “မရှိဘူး၊ သူတို့ လုပ်မှာမဟုတ်ပါဘူး” ထရမ့်က ပြန်လည် ဖြေကြားခဲ့သည်။

အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ကို “လက်လွှဲယူ” ပြီး “ရေရှည် ပိုင်ဆိုင်” သွားရန် မျှော်လင့်ကြောင်း၊ လက်ရှိ ဂါဇာတွင် နေထိုင်သည့် ပါလက်စတိုင်းသားများကို အခြားနိုင်ငံတွင် နေရာချထားပေးသင့်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြထားသည်။ ပါလက်စတိုင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ယင်းပြောဆိုချက်အပေါ် အပြင်းအထန် ကန့်ကွက်အပြစ်တင်ခဲ့ကြပြီး ၎င်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး “လက်ခံနိုင်ဖွယ် မရှိ” ဟု ယူဆကြသည်။

အစ္စရေးနှင့် ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ဂါဇာကမ်းမြောင် အပစ်ရပ်ရေး သဘောတူညီချက် ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် သဘောတူညီချက် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေး ပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ် ဆက်တိုက် ဆောင်ရွက်ရာ နှစ်ဖက်အနေဖြင့် ၎င်းတို့ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် အချို့ကို ပြန်လွှတ်ပေးသွားမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ဟားမက်စ်နှင့် အစ္စရေးတို့သည် ဖမ်းဆီးထိန်းသိမ်းခံရသူများ ပဉ္စအသုတ် အပြန်အလှန်လဲလှယ်မှု ပြီးစီးခဲ့သည်။ 


Ref - (Xinhua)

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)