ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ညစာဖြင့်တည်ခင်းဧည့်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ညစာဖြင့်တည်ခင်းဧည့်ခံ



နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင် ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ညစာဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ ညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးပို့ချကြမည့် သင်တန်းနည်းပြများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အလုပ်ရုံဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်လာကြသည့် ဂျပန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “အာဆီယံပြန်ကြားရေးကဏ္ဍနှင့် မြန်မာ နိုင်ငံတော်မီဒီယာ” Video Clip ကို ဖွင့်လှစ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အစိုးရ၏ ဆက်သွယ်ညှိနှိုင်းပြောဆိုရေး ကဏ္ဍတွင် အရည်အသွေးနှင့်ထိရောက်မှုကို မြှင့်တင်ရန် တူညီသော ကတိကဝတ်များဖြင့် စည်းလုံး ညီညွတ်စွာဖြင့် အာဆီယံဒေသအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များအားလုံး ယခုနေရာတွင် တစ်စုတစ်ဝေးတည်း ဆုံတွေ့ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် အစိုးရများနှင့် ၎င်းတို့၏ ပြည်သူလူထုကို ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိစေရန်၊ ယုံကြည်မှုကို မြှင့်တင်ရန်နှင့် ပိုမိုခိုင်မာသော လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ပေးရန်ဖြစ်ပါကြောင်း။

အလုပ်ရုံဆွေးနွေးပွဲတွင် အများပြည်သူနှင့် ထိရောက်စွာ ဆက်သွယ်နည်း၊ အကျပ်အတည်းများကို စီမံခန့်ခွဲနည်းစနစ်များနှင့် အစိုးရဌာနများ၏ သတင်းစကားများကို ရှင်းလင်းစွာဖြင့် ထိရောက်စွာ ပေးပို့သည့် နည်းစနစ်များကို လေ့လာသင်ယူသွားကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းဆရာများအနေဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုများကို မျှဝေပေးသွားမည်ဖြစ်ပြီး တက်ရောက်လာကြသူများအား ပြောရေးဆို ခွင့်ရှိသူများအဖြစ် သက်ဆိုင်ရာအခန်းကဏ္ဍ အသီးသီးတွင် အသုံးချနိုင်မည့် အဖိုးတန်သည့် လက်တွေ့လေ့ကျင့်ခန်းများ၊ နည်းစနစ်များစသည် တို့ကို သင်ကြားပြသပေးသွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ၏ စွမ်းရည် မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  ကတိကဝတ်ပြုချက်ကို သက်သေပြလျက်ရှိပါကြောင်း။

ဆက်သွယ်ညှိနှိုင်းပြောဆိုမှုအခန်းကဏ္ဍသည် သတင်းအချက်အလက်များကို မျှဝေရုံအတွက် သာမက ပိုမိုသာလွန်သည့် အပြန်အလှန်ဆွေးနွေးမှု၊ စာနာမှုနှင့် အပြန်အလှန်နားလည်မှုများအတွက် အခြေခံအုတ်မြစ်ပင်ဖြစ်ပါကြောင်း၊ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ အသိပညာနှင့် အတွေ့ အကြုံများကို ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို မွေးမြူခြင်းဖြင့် နိုင်ငံတော်အစိုးရ အသီးသီးသည် လူထုနှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်မှုစွမ်းရည်ကို အားကောင်းလာစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် သင်တန်းနည်းပြ များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင် ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက အာဆီယံနိုင်ငံများအလိုက် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို ဖော်ကျူးရေးစပ်ထားသည့် တေးသီချင်းနှင့်တွဲဖက်၍ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။

ညစာစားပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းနည်းပြဆရာ Mr.V Cyril Demitrius Pereira တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များကို ဂုဏ်ပြု ဆုငွေကျပ်သိန်း ၂၀ နှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့သည်။

မွန်းလွဲပိုင်းကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်၍ ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ရှားပါးမြန်မာ့တွင်းထွက်ရတနာများ၊ အခြားအဖိုးတန်ကျောက်မျက်ရတနာများနှင့် ပြခန်း အောက်ထပ်ရှိ ကျောက်မျက်ရတနာအရောင်းဆိုင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)