ဟားခါး၊ ဖေဖော်ဝါရီ ၅
ချင်းပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ သမဝါယမလုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင် များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ချင်းပြည်နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ရမည်ဆိုတာကို ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းအမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်တာက ယနေ့အစည်းအဝေးတက်ရောက် လာကြသည့် လုပ်ငန်းရှင်များပဲဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒက ပြည်တွင်း စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကိုအခြေခံ၍ ကုန်ချောထုတ်လုပ်ရေးပဲဖြစ်ပါကြောင်း၊ မည်သည့် လုပ်ငန်းမဆို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြေကြီး၊ ရန်ပုံငွေ၊ ကျန်းမာသန်စွမ်းသည့် လုပ်သားနှင့် စီမံခန့်ခွဲမှုများ လိုအပ်သည်ဟု သိရှိရပါကြောင်း၊ မြေကြီး၊ ရန်ပုံငွေ၊ ကျန်းမာသန်စွမ်း သည့်လုပ်သားနှင့် စီမံခန့်ခွဲမှုများ ပြည့်စုံစေကာမူ မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နေ ကြသည့်ပုဂ္ဂိုလ်များ၏ သဘောထားက များစွာအရေးကြီးပါကြောင်းနှင့် အစည်းအဝေးတက်ရောက် လာကြသူများက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်နှင့် ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် သမဝါယမလုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များက အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြလိုသည့်အချက်များနှင့် အစိုးရမှ ကူညီပေးစေလိုသည့်အချက်များကို ဆွေးနွေးတင်ပြကြသည်။
လုပ်ငန်းရှင်များ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#MNP #News #International
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment