၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ


နေပြည်တော်၊ မတ် ၉

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့်ဇနီးများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးအဖွဲ့အစည်းများမှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၂၅ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လူဦးရေသန်း ရှစ်ထောင်ကျော်ရှိသည့်အနက် ကမ္ဘာ့အမျိုးသမီးသည် သန်းလေးထောင်ကျော် ၄၉ ဒသမ ၇၃ ရာခိုင် နှုန်းရှိကြောင်း၊ ယခင်နှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများအကြားတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ၆၁၂ သန်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UN-CEDAW) နှင့်အညီ အမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်အားလုံးတွင် အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့နည်းပပျောက်သွားအောင် အသိပညာပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း။

အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန် ၂၄ နာရီ Helpline ဖုန်း “1566” ကို ဖွင့်ထားပြီး လူမှုရေးလိုအပ်ချက်များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ်ဖြစ်သော “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်စို့” နှင့်အညီ အမျိုးသမီးများ၏ အခွင့်အရေးမြှင့်တင်ခြင်းနှင့် အမျိုးသမီးများစွမ်းရည် မြင့်မားလာစေရန် အမျိုးသမီးများကို သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်နယ်ပယ်တွင် ပိုမိုပါဝင်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးတို့တွင် အမျိုးသမီးစွမ်းပကားမြှင့်တင်ပေးရေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ မှတ်တမ်းဗီဒီယိုကို ပြသသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်သူများသည် ခင်းကျင်း ပြသထားသော အမျိုးသမီးကျောင်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)