၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈) နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈) နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ





အောင်မြေသာစံ၊ မတ် ၂၆

၂ဝ၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ အသက် (၁၈) နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခများ၊ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ထူးချွန် ထက်မြက်သည့် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိကာ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဆင့်ထိ တက်လှမ်းနိုင်စေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်များအတိုင်း ပြည့်မီအောင်၊ ပြိုင်ပွဲ၏ အနှစ်သာရများအကောင်အထည် ပေါ်လာအောင်၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အားလုံးဝိုင်းဝန်းကြိုးပမ်း သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်ရွတ်ဆို ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် ၂ဝ၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်အဖြစ် ချမ်းမြသာစည်မြို့နယ်အသင်းနှင့် ညောင်ဦးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြရာ ချမ်းမြသာစည်မြို့နယ်အသင်းက ညောင်ဦးမြို့နယ်အသင်းကိုတစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲများကို အောင်မြေ မန္တလာကွင်းနှင့် ဗထူးအားကစားကွင်းတို့တွင် သက်ဆိုင်ရာပွဲစဉ်များအလိုက် ဧပြီလ ၁ဝ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)