ရန်ကုန်၊ မတ် ၂၅
(၂၃) ကြိမ်မြောက် ခွဲစိတ်ဆရာဝန်များညီလာခံ (23rd Biennial Surgeons’ Conference) ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ပြည်တွင်း ပြည်ပမှ ခွဲစိတ်အထူးကုဆရာဝန်များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ဆေးပညာသည် နက်နဲကျယ်ပြန့်ပြီး ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေခြင်းကြောင့် ဘာသာရပ်ဆိုင်ရာညီလာခံ၊ နှီးနှောဖလှယ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ စာတွေ့လက်တွေ့ သင်ကြားပြသမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာဆေးပညာရှင်များပါ ပါဝင်၍ ဘာသာရပ်ဆိုင်ရာညီလာခံ ကျင်းပနိုင်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ခွဲစိတ်ကုပညာရပ်ဆိုင်ရာ အောင်မြင်မှုများအနေဖြင့် ယခင်က ပုံမှန်သမားရိုးကျခွဲစိတ်ကုသမှုမှသည် ယခုအခါ နိုင်ငံတကာအဆင့်မီ ကိုယ်တွင်းကြည့် မှန်ပြောင်းများဖြင့် ခွဲစိတ်ကုသပေးနိုင်ခြင်း၊ အသည်းအစားထိုးခွဲစိတ်ကုသမှု၊ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ ယနေ့ကျင်းပသည့် ညီလာခံမှတစ်ဆင့် အသိပညာ၊ အတတ်ပညာ နည်းလမ်းသစ်များ လေ့လာဆည်းပူးနိုင်ပြီး နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို မြှင့်တင်နိုင်သော အရည်အသွေးပြည့်ဝသည့် သမားကျင့်ဝတ်နှင့်အညီ ပြုမူကျင့်ကြံနေထိုင်သော ခွဲစိတ်အထူး ကုပညာရှင်များဖြစ်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံခွဲစိတ်ကုပညာအဖွဲ့ဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးမိုးတင်က နှုတ်ခွန်းဆက်စကားပြောကြားကာ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညီလာခံကို ဖွင့်လှစ်ပေးပြီး Poster Presentation နှင့် ဆေးနှင့်ဆေးပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါ ညီလာခံကို ၂၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ ဂျပန်၊ အိန္ဒိယ၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခွဲစိတ်ကုပညာရှင်များ ပါဝင်တက်ရောက်ကြသည်။
ညီလာခံတွင် Main Symposium အပြင် Mini Symposium များ၊ Case presentation များနှင့် Poster Presentation ၂၉ ခုတို့ ပါဝင်ပြီး ညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေဆာဖြင့် လိပ်ခေါင်းရောဂါကုသခြင်း (Laser Hemorrhoidoplasty)၊ ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် သိုင်းမက်အကျိတ်ကို ခွဲစိတ်ကုသခြင်း (VATS Thymectomy)၊ ပန်ကရိယနှင့် အူသိမ်ဦးပိုင်း ဖြတ်ထုတ်ခြင်း (Laparoscopic pancreaticoduodenectomy) အစရှိသည့် ခွဲစိတ်ကုသမှုများကို ပြည်ပခွဲစိတ်ကုပညာရှင်များနှင့် ပူးပေါင်း၍ စာတွေ့လက်တွေ့ သင်ကြားပြသခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ညီလာခံတတိယနေ့တွင် သက်ကြီးခွဲစိတ်အထူးကု ပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment