နေပြည်တော်၊ မတ် ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့်စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိပြီး တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း သတင်းရရှိမှု ၅၇ ကြိမ်ရရှိခဲ့ပြီး သတင်းမှားနှစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု ၅၅ ကြိမ်ဖြစ်သည်။
သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ ၉၆ မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၅၈ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၉၃ ဒသမ ၂၂၄ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် ရေယာဉ်နှင့်မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှုတန်ဖိုးငွေကျပ် ၅၄၉၃ ဒသမ ၂၂၄ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၁၀၉၈ ဒသမ ၆၄၅ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန်ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ ဖုန်း - ၀၉၄၀၄၃၃ ၉၉၆၉၊ ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo @gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment