ပုဇွန်တောင်၊ မတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် အဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပနိုင်ရေးအတွက် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒစရိယဆရာတော်များ၏ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က စေတီတော်မြတ်ကြီးရှိ ဓမ္မသာလာသုံးထပ်ဓမ္မာရုံ၊ ဒုတိယထပ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားကို နမောဿတ(သုံးကြိမ်) ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်ပြီး ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းမှ ဩဝါဒခံယူရခြင်းအကြောင်းနှင့် အတွင်းရေးမှူး ဦးကျော်စိုးမှ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြလျှောက်ထားကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူကြကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့မှ မတ်လ ၈ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့ထိ ကျင်းပမည့် အဘိဓမ္မာ ခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြပြီးနောက် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဩဝါဒါစရိယဆရာတော်ကြီးများအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး ပုဇွန်တောင်မြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒစရိယဆရာတော် ဝိနယပါရဂူ၊ ဓမ္မာစရိယ ဘဒ္ဒန္တအဂ္ဂဇဋိလမှ အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ "သာဓု” (၃) ကြိမ် ခေါ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost




No comments:
Post a Comment