(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်








လွိုင်ကော်၊ မတ် ၂

(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စိုက်ပျိုးမွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်း‌အောင်လှိုင်ထံမှ ပေးပို့သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဖတ်ကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ငါးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ အားလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က  စပါးသီးနှံ၊ အစေ့ထုတ်ပြောင်းနှင့် နေကြာသီးနှံ ပထမဆု ရရှိသည့်တောင်သူများအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စပါးသီးနှံ၊ အစေ့ထုတ်ပြောင်းနှင့် နေကြာသီးနှံ ဒုတိယဆု ရရှိသည့်တောင်သူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက စပါးသီးနှံ၊ အစေ့ထုတ်ပြောင်းနှင့် နေကြာသီးနှံ တတိယဆု ရရှိသည့် တောင်သူများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ထူးချွန်ဆုရတောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေးတောင်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားပြီး တောင်သူများက လိုအပ်သည်များကို တင်ပြခဲ့ကြရာ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် နောင်ယား(က)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပြီး တောင်သူများက စိုက်ခင်းအတွင်း လည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် နွားလဝိုးကျေးရွာအုပ်စု၊ ပဒါးညေးကျေးရွာ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်၌ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စနစ်ကျလယ်မြေစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ မဖော်ထုတ်မီ၊ ဖော်ထုတ်ပြီးစီးမှုနှင့် အကျိုးပြုမည့် အခြေအနေများအားလည်းကောင်း၊ ပြည်နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လယ်ယာမြေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများက လယ်မြေစီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)