နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်း လိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၈၃ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ၃၅၇ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်း လိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၈၃ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ၃၅၇ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့


နေပြည်တော်၊ မတ် ၁၀

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက် မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်း များတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၈၃ ဦးကို ယနေ့တွင် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၃၅၇ ဦးကို ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့်တာဝန်ရှိသူများက ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျ ရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ ထိုင်း တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘွန်တန်နွန်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ သံအမတ်ကြီး H.E Mr. Pranav .Ganesh တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ - ထိုင်း- တရုတ် သုံးနိုင်ငံပူးပေါင်း၍ အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ နှင့် ဆိုက်ရောက်နိုင်ငံတို့အကြား လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အဆိုပါနိုင်ငံများအကြား Task Force ဖွဲ့စည်းပြီး Action Plan ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ တတိယနိုင်ငံသားများအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်မည့် ကိစ္စရပ်များ ဆောင်ရွက်ခဲ့ရာ မြန်မာ နိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်း ပေးအပ်သည်။

အလားတူ မြဝတီမြို့- မယ်ထော်သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်း များမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၃၅၇ ဦးကို ယနေ့တွင် ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်း များစာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၅၁၉၉ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၂၄၇၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၇၂၇ ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက် ထားရှိသည်။

အဆိုပါထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၅၁၉၉ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နှင့် တရုတ်(တိုင်ပေ)တို့မှနိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြ ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)