မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ် စတင်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ် စတင်ခြင်းအခမ်းအနားကျင်းပ


ရန်ကုန်၊ မတ် ၂၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Trans- shipment) လုပ်ငန်းစဉ်စတင်ခြင်း အခမ်းအနားကို ၂၄-၃-၂၀၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ Asia World Port Terminal (AWPT) ဆိပ်ကမ်းတံတား၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ကုန်သေတ္တာဆိပ်ကမ်းတံတားများနှင့် ကုန်သေတ္တာသင်္ဘောလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် Transship-ment ကုန်သေတ္တာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိပ်ကမ်းများသို့ ပို့ဆောင်မည့် MV. SITC Yuanming သင်္ဘောပေါ်သို့ စတင်တင်ဆောင်ခြင်းကို ကြည့်ရှုအားပေးကြပြီး Asia World ဆိပ်ကမ်းတံတားအတွင်း ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း(Transshipment) နည်းလမ်းကို အသုံးပြုပြီး ဒေသတွင်းကြားခံဆိပ်ကမ်း (Transit Port) အဖြစ် ဆောင်ရွက်နိုင်မည့် အနေအထားရှိပါကြောင်း။

 ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း၌ ကုန်သေတ္တာ TEU ၂၆၀၀ အထိ သယ်ဆောင်နိုင်ပြီး ရေစူး ၁၀ ဒသမ ၅ မီတာအထိရှိသည့် တန်ချိန် ၅၀၀၀၀ သင်္ဘောကြီးများ ဝင်/ထွက် လက်ခံဝန်ဆောင်မှုပေးလာနိုင်ပြီဖြစ်ကြောင်း၊ ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လာနိုင်မည်ဆိုပါက နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ပဲနှင့် ပြောင်းဈေးကွက်ဝေစုပိုမိုရရှိပြီး ပိုမိုတင်ပို့နိုင်လာမည်ဖြစ်ကြောင်း။

ရန်ကုန်ဆိပ်ကမ်းအနေဖြင့် လက်ရှိကုန်သေတ္တာကိုင်တွယ် ရရှိမှုပမာဏ တစ်နှစ် TEU ရှစ်သိန်း ပမာဏထက် ပိုမိုတိုးတက်ကိုင်တွယ်လာနိုင်မည်ဖြစ်၍ နိုင်ငံအတွက် ဆိပ်ကမ်းဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ မကြာသေးမီက နိုင်ငံတော်အကြီးအကဲ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း မြစ်တွင်းမှ Barge ရေယာဉ်များဖြင့် ချိတ်ဆက်သယ်ပို့ခြင်းအပြင် ကုန်းလမ်းမှ ကား၊ ရထားတို့ဖြင့် သယ်ပို့ခြင်းစသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများ ပေါင်းစပ်ပြီး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Stakeholder များ အားလုံးက ပူးပေါင်းပါဝင်ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)