၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်တဲ့အတွက်ကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့တယ်။ NLD ပါတီနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဆူပူဆန္ဒပြရာကနေ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်လာခဲ့တယ်။ ထိုထိုသော ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကို ပြည်တွင်း၊ ပြည်ပ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအနေနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်တဲ့အခါမှာ ညီငယ် တစ်ဦးလည်း ပါဝင်ဆွေးနွေး ပြောဆိုလေ့ ရှိတယ်။
လက်ရှိအချိန်မှာတော့ သူက တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း စာရေးသူထံ မက်ဆေ့လှမ်းပို့လာပါတယ်။ "NLD မဲဆွယ်တုန်းက သေကြတာလည်း လူတွေတော်တော်များပါတယ်။ Covid 19 မှာလည်းသေတဲ့လူဦးရေရယ်၊ NLDဘက်က လုပ်ကြံသက်ဖျက်လို့ သေဆုံးခဲ့ရတဲ့ လူဦးရေ၊ ရေဘေး/ အကြမ်းဖက်ဘေး/ အခုငလျှင်ဘေးတွေမှာ သေဆုံးခဲ့တဲ့လူဦးရေစုစုပေါင်းတို့ကိုတွက်ချက်ပြီး မြန်မာလူမျိုးတွေ အသိတရားဝင်သင့်ပြီဖြစ်ကြောင်း တင်ပြပေးပါလားအစ်ကို" လို့ ဆက်သွယ် ပြောဆိုလာပါတယ်။
ညီငယ်နဲ့ ထပ်တူ စာရေးသူရဲ့ စိတ်ဆန္ဒအရလည်း မြန်မာလူမျိုးတွေကို အသိတရားရစေချင်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ စကားတွေကို သံယောင်လိုက်ပြီး မိုက်လုံးထွားနေတာတွေကို ဆင်ခြင်ကြစေချင်ပါတယ်။ ဘေးဆိုး ကပ်ဆိုးတွေ ကြုံရတယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အကြောင့်ရှိလို့သာ အကျိုးတရားတွေ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေကို နားယောင်ပြီး မိုက်လုံးထွားခဲ့တဲ့ နီပိန်းတသိုက်ရဲ့ အောက်တန်းကျ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေဟာ မြန်မာတပြည်လုံးအပေါ် ရိုက်ခတ်တာပဲ ဖြစ်ပါတယ်။
မှန်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလဟာ Covid 19 ကြောင့် လူတွေ တဖြုတ်ဖြုတ်သေနေတဲ့ အချိန်ဖြစ်ပါတယ်။ အခြားသော ပါတီအဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း ဆွေးနွေးတင်ပြကြပေမယ့် အနိုင်ရဖို့ အပိုင်စီစဉ်ထားတဲ့ NLD က ပြည်သူ့မျက်နှာကို မကြည့်ဘဲ အာဏာရမ္မက်ထနေတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို အဖြစ်လုပ်၊ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Covid 19 ကြောင့် သေဆုံးသူဦးရေ (၁၉၅၀၀) နီးပါး ရှိခဲ့ပါတယ်။ Covid 19 နဲ့ အပြိုင် ဖြစ်လာတာက NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်ဘေး (လူလုပ်တဲ့ဘေးအန္တရာယ်) ဖြစ်ပါတယ်။ အကြမ်းဖက်ဘေးက ၂၀၂၁ ကနေ စလာလိုက်တာ အခုအချိန်အထိ နေ့စဉ်နေ့တိုင်း အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ NUG, CRPH, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးရတဲ့ အရေအတွက်ဟာ (၈၀၀၀)နဲ့ (၁၀၀၀၀)ကြားမှာ ရှိလာပါတယ်။ နေ့စဉ် အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးရတဲ့ ဦးရေဟာ (၆)ယောက်နှုန်းလောက် ဖြစ်လာပါတယ်။
ဒီအကြမ်းဖက်ဘေးအန္တရာယ်က အထိုက်အလျောက် ထိရောက်စွာ တားဆီးနိုင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အကြမ်းဖက်နှိမ်နင်းရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်နေမှုအပိုင်းမှာ အဂတိမကင်းတဲ့ လုပ်ရပ်တွေ ရှိနေတာကြောင့် ပြည်သူလူထုကို ကာကွယ်မှုမပေးနိုင်တဲ့အပြင် အရာရှိကြီးတွေကိုပါ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်သည်အထိ ပေါ့လျော့မှုတွေကို မြင်တွေ့နေရာတာကလည်း စိတ်မကောင်းစရာပါ။ စာရေးသူ အမြင်ကတော့ အကြမ်းဖက်အဖွဲ့မှန်သမျှကို တပ်မတော်အနေနဲ့ အမြစ်ပြတ် ခြေမှုန်းနိုင်တယ်။ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ တပ်မတော်ဘက်မှာပဲ ရှိနေရမယ်။ သို့သော် စာရေးသူ ထင်မြင်ယူဆသလို ဖြစ်မလာဘဲ တပ်စခန်းတွေ စွန့်ခွါပေးခဲ့ရတယ်၊ အကြမ်းဖက်သမားများက သိမ်းပိုက်သွားတယ်ဆိုတဲ့ အခြေအနေတွေဟာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီပံ့ပိုးမှုအပိုင်းမှာ သိသိသာသာ တာဝန်ကင်းမဲ့နေတယ်လို့ မြင်လာရပါတယ်။ တိုက်ပွဲဝင် တပ်မတော်သားတွေဟာ သွေးမကြောင်ပါဘူး။ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ အကူအညီမရခြင်းကြောင့်သာ အခြေအနေဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် စီမံခန့်ခွဲမှု အလွဲအမှားတွေဟာ တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို အတိဒုက္ခရောက်စေတာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အဂတိလည်း ပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဒဏ်ကို ခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ လူသေဆုံးမှုတွေ ရှိသလို ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သေဆုံးမှုစာရင်းမှာတော့ လူဦးရေ (၁၅၀)ကျော် ရှိခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေ အင်မတန်များပြားခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဒဏ်သင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်တည်ဆောက်ရေး လုပ်နေစဉ်မှာပဲ ရခိုင်ပြည်နယ်ဟာ AA အကြမ်းဖက်ဘေးအန္တရာယ် ပေါ်ပေါက်လာခဲ့ပါတယ်။
၂၀၂၄ မှာတော့ ရာဂီမုန်းတိုင်းဒဏ်ကို ဆိုးရွားစွာ ခံကြရပြန်ပါတယ်။ သန်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးဒုက္ခကြုံခဲ့ရပါတယ်။ ရေဘေးကတော့ အတွေ့အကြုံရှိလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရာဂီမုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသူ ဦးရေဟာ (၅၀၀)နီးပါး ရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက် (၁၁-၄-၂၀၂၅)ရက်နေ့က နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းအရ (၃၆၈၉)ဦး အထိ ရှိပါတယ်။ ဒီငလျင်ဘေးဟာ ရဟန်းရှင်လူပြည်သူအားလုံး ဘဝမှာ ကြုံတောင့်ကြုံခဲ ဘေးဆိုးအန္တရာယ်ဆိုး ရင်ဆိုင်လိုက်ရတဲ့ အခြေအနေပါပဲ။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းမှာပဲ အရာအားလုံးဟာ ဗလာနတ္ထိဖြစ်သွားရတဲ့ အခြေအနေပါ။ နောက်ဆက်တွဲ ငလျင်တွေကလည်း စဉ်ဆက်မပြတ် လှုပ်ခတ်နေဆဲပဲဖြစ်ပါတယ်။
တိုင်းပြည်တွင်းမှာ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို ထောက်ပြဝေဖန် ပြောဆိုခဲ့တာတွေကိုလည်း ပြည်သူများ သတိပြုမိကြလိမ့်မယ်လို့ ထင်ပါတယ်။ ပြည်ဖျက်မိစ္ဆာတွေဟာ သူတို့နဲ့ အလိုမတူရင် သီတဂူဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကိုပင် စော်ကားဖို့ ဝန်မလေးပါဘူး။ ယနေ့ ငလျင်ဘေး ကြုံတွေ့နေရချိန်မှာလည်း စော်ကားနေကြတုန်းပါပဲ။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေကလည်း သံဃာတော်များကိုပင် ချမ်းသာမပေးဘဲ ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကုသိုလ်အမှုတွေဟာလည်း အင်မတန်ကြီးမားတဲ့ အကုသိုလ်အမှုတွေပဲ ဖြစ်ပါတယ်။
ပြည်သူများအနေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး မပြုလုပ်သင့်တဲ့ အကုသိုလ်အမှုတွေကို ရှောင်ကြားကြပါ။ မိမိတို့ရဲ့ ကာယကံ၊ ဝဇီကံ၊ မနောကံ (ကိုယ်၊နှုတ်၊ နှလုံး) သုံးပါးလုံးကို စောင့်ထိန်းပြီး ဘေးဆိုးကပ်ဆိုးတွေကနေ ကင်းဝေးအောင် ဆောင်ရွက်နိုင်ကြပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး အသိ၊ သတိနဲ့ ဆင်ခြင်နိုင်ကြပါစေ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment